စက်တင်ဘာ ၁၉ ။ ။ အီး-စီးကရက် (e-cigarettes) တွေ ထုတ်လုပ်ရောင်းချမှုကို တားမြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
ဒါဟာ ဆေးရွက်ကြီး ထုတ်ကုန်တွေ သောက်သုံးတာလောက် ကျန်းမာရေး ထိခိုက်နိုင်မှု မရှိဘူးဆိုပြီး ကြေညာထားခဲ့တဲ့ ထုတ်ကုန်တစ်ခုနဲ့ပတ်သက်လို့ ကျန်းမာရေး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ခုလို အိန္ဒိယရဲ့ ပိတ်ပင်ချက် ထွက်ရှိလာတာ ဖြစ်ပါတယ်။
အဆိုပါ အီး-စီးကရက်နဲ့ ဆက်နွယ်တဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ပြည်နယ်မှာ အနံ့အရသာရှိ အီး-စီးကရက်တွေကို ပိတ်ပင်ကြောင်း ကြေညာပြီးနောက် ယခုလို အိန္ဒိယရဲ့ ကြေညာချက် ထွက်ရှိလာတာဖြစ်ပါတယ်။
“ ဒီ အီးစီးကရက်တွေဟာ ယနေ့ လူငယ်ထုအပေါ် ထိခိုက်မှုတွေ ရှိလာနေတဲ့အတွက် ခုလို ဆုံးဖြတ်လိုက်ရတာပါ” လို့ ဘဏ္ဍာရေးဝန်ကြီး နာမာလာ စီသာရာမန်က သတင်းထောက်များကို ပြောပါတယ်။
ခုလို ပိတ်ပင်ချက်ကို မလိုက်နာဘဲ ကျူးလွန်မယ်ဆိုရင်တော့ ကျူးလွန်သူတွေအနေနဲ့ ထောင်ဒဏ် သုံးနှစ်အထိ အများဆုံး ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။
အိန္ဒိယကတော့ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဆေးရွက်ကြီးထုတ်ကုန်တွေကို ဒုတိယမြောက် အကြီးဆုံး သုံးစွဲသူ နိုင်ငံလည်း ဖြစ်ပါတယ်။