ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ ၅၉(စ)ကဲ့သို့ ကန့်သတ်ရန် တပ်မတော် ကြိုးပမ်း

ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ ၅၉(စ)ကဲ့သို့ ကန့်သတ်ရန် တပ်မတော် ကြိုးပမ်း
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁ရရက်၊ ၂၀၁၉ခုနှစ်)။ ။ သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်သော အခြေခံဥပဒေပုဒ်မ ၅၉(စ)ကဲ့သို့ပင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၏ အရည်အချင်းကိုပါ အလားတူ ကန့်သတ်မည့် အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။

အခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီးများ အရည်အချင်းသတ်မှတ်ချက် ပုဒ်မဖြစ်သော ၂၃၂(က)နှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးများ၏ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၂၆၁(က)တို့တွင် မိမိကိုယ်တိုင် သို့မဟုတ် မိဘ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ချွေးမနှင့် သားမက်တို့သည် နိုင်ငံခြားသား မဖြစ်ရ ဟူသည့် ကန့်သတ်ချက်ကိုပါ ထည့်သွင်းရန် တပ်မတော်က အဆိုပြုလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ပြင်ဆင်ချက်အဖြစ် ဖြည့်စွက်လိုခြင်းမှာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် နိုင်ငံခြားဆက်စပ်မှု၊ နိုင်ငံခြားလွှမ်းမိုးမှု မရှိစေရန်နှင့် ပြည်တွင်းရေးကိစ္စရပ်များကို ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်စေရန် ရည်ရွယ်သည်ဟု တပ်မတော်အစုအဖွဲ့၏ တင်ပြချက်တွင် ဖော်ပြထားသည်။

အဆိုပါ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် တင်ပြချက်ကို ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦးက ပြည်ထောင်စုလွှတ်တော်နာယကထံ ယခုလ ၁ဝရက်တွင် ပေးပို့ထားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည့် ဥပဒေကြမ်းကို ဦးဆောင် တင်သွင်းခဲ့သူ ဗိုလ်မှူးချုပ် မောင်မောင်က “အဓိကကတော့ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ပြည်ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဝန်ကြီး(ချုပ်) အဆင့်တွေမှာ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု၊ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မခံရစေဖို့အတွက် ၊ မရှိစေဖို့အတွက် ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။

ဖြည့်စွက်လိုသည့် အဆိုပါ ပြင်ဆင်ချက်သည် ၁၉၄ရနှင့် ၁၉၇၄ခုနှစ်တို့တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် မပါရှိသလို အခြားနိုင်ငံများတွင်လည်း ထိုကန့်သတ်ချက်မျိုး မရှိကြောင်းနှင့် ယင်းအဆိုပြုချက်သည် ပုဂ္ဂိုလ်ရေးဆန်မည်လားဟူသည့် စဉ်းစားစရာ ရှိကြောင်း အာဏာရ NLD အမတ် တစ်ဦးက မှတ်ချက်ပြုသည်။

“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုများ ရည်ရွယ်ပြီးတော့ ကန့်သတ်ထားတဲ့ ကန့်သတ်ချက် ဖြစ်နေမလားဆိုတဲ့ ဟာကလည်း အများကြီး စဉ်းစားစရာ ရှိပါတယ်။ ကျွန်တေ်ာတို့ ကော်မတီမှာ ပြန်ပြီးတော့ သုံးသပ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

တပ်မတော်က တင်သွင်းထားသည့် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် မဆွေးနွေးမီ အဖွဲ့ဝင် ၃ဝဦး ပါဝင်သည့် လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်းကော်မတီဝင်များက လေ့လာစိစစ်သွားရန် လွှတ်တော်နာယက ဦးတီခွန်မြတ်က စက်တင်ဘာ ၁ရရက်က ပြည်ထောင်စုလွှတ်တော်သို့ အသိပေးထားသည်။

တပ်မတော်က ပြင်ဆင်ချက်အဖြစ် ဖြည့်စွက်လိုသည့် ပုဒ်မများသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်ရမည်ဟု အခြေခံဥပဒေပုဒ်မ ၄၃၆တွင် ပြဌာန်းထားသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အာဏာရ NLD ပါတီက ၅ဝရာခိုင်နှုန်းကျော် နေရာရထားသည့်အတွက် တပ်မတော်၏ ကြိုးပမ်းမှုမှာ အောင်မြင်နိုင်ချေ နည်းပါးသည်။

တပ်မတော်က ယခုတင်သွင်းလာသည့် ဥပဒေမူကြမ်းသည် တတိယမြောက် မူကြမ်းဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ အမတ်များက တင်သွင်းခဲ့ဖူးသည်။

သို့သော် အတိုက်အခံပါတီ၏ အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသော အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်အတွင်းသာ ထည့်သွင်းဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ထားသည်။

လက်ရှိတွင် ပူးပေါင်းကော်မတီ၏ အချက်ပေါင်း ၃၇၆၅ချက်ပါရှိသော အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပြီးနောက် ထိုပူးပေါင်းကော်မတီက ဥပဒေကြမ်း ဆက်လက် ရေးဆွဲနေသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အာဏာရ NLD အမတ် ၁၈ဦး၊ တပ်မတော်သားကိုယ်စားလှယ် ရှစ်ဦး၊ အတိုက်အခံ ပြည်ခိုင်ဖြိုး အမတ် သုံးဦး၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ဦးနှင့် အခြားပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ပူးပေါင်းကော်မတီတွင် အာဏာရ NLD ပါတီ၏ သဘောထားသာ လွှမ်းမိုးနေ၍ဟုဆိုကာ ပြီးခဲ့သည့် ရက်ပိုင်းက ကော်မတီဝင် သုံးဦး နှုတ်ထွက်သွားခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မတစ်ခုဟု အများစုက ယုံကြည်လက်ခံကြပြီး ယင်းပုဒ်မကို ဒီမိုကရေစီအင်အားစုများက ပြင်ဆင်လိုကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly