ရန်ကုန်၊ စက်တင်ဘာ ၁၇ ။ ။ H1N1 ရောဂါကူးစက်ခံရသူ မြန်မာပြည်သူများအတွက်ဟု ဆိုကာ တရုတ်လင်ကွန်းဘုန်းတော်ကြီးကျောင်းမှ အလှူငွေနှင့် ဆေးဝါးများလှူဒါန်းခဲ့မှုကို တရုတ်နိုင်ငံ၊ ပေကျင်းတွင် ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မူရာ လင်ကွန်းဘုန်းတော်ကြီးကျောင်း ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့သည်။
အလှူငွေ ယွမ် ၅၀၀,၀၀၀ နှင့် တရုတ်နိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားပြီး ဖြစ်သည့် တုပ်ကွေးရောဂါ ကာကွယ်ကုသဆေးဗူး ၄၀၀ ပါရှိသော ပုံးသေး ၆ ပုံးကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှု များ၍ သေဆုံးသူများ ရှိနေကြောင်း ကြားသိရသဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း လင်ကွန်းဘုန်းတော်ကြီးကျောင်း ဆရာတော် ချန်ကျန့်က မိန့်သည်။
မြန်မာသံအမတ်က အလှူငွေနှင့် ဆေးဝါးများလှူဒါန်းမှုအတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်း၊ သက်ဆိုင်ရာဌာနများသို့ စနစ်တကျ လွှဲပြောင်းပေးသွားမည်ဟု ပြန်လည် လျှောက်ထားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
စက်တင်ဘာ ၁၆ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၇၁၆ ဦး ရှိပြီး ရာသီတုပ်ကွေးကြောင့် သေဆုံးသူဦးရေသည် ၁၁၂ ဦး ရှိကြောင်း မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။