မြောက်ပိုင်းလေးဖွဲ့နှင့်တွေ့ဆုံမည့် ကျိုင်းတုံဆွေးနွေးပွဲ KIA တက်မည်

မြောက်ပိုင်းလေးဖွဲ့နှင့်တွေ့ဆုံမည့် ကျိုင်းတုံဆွေးနွေးပွဲ KIA တက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၃ ။          ။ ငြိမ်းချမ်းရေးကော်မရှင်မှ ဖိတ်ကြားထားသည့် မြောက်ပိုင်းလေးဖွဲ့( KIA၊ TNLA၊ MNDAA၊ AA ) ကိုယ်စား လှယ်များနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA မှ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့တက်မှာပါ။ ကျန်တဲ့သုံးဖွဲ့တော့ သေချာမသိသေးဘူး။ တက်မယ်ထင်တာပဲ။ အခုထိတော့ မတက်ဘူးဆိုတာ ဘယ်သူမှ လာမပြောကြသေးဘူး” ဟု KIA မှ ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

ကျိုင်းတုံတွေ့ဆုံပွဲအတွက် စက်တင်ဘာလ ၉ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်မှ ဖိတ်ကြားထားခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်ရန် လာရောက်မည့် ခရီးစဉ်တွင် မိုင်းလား - ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စအဝဝကို အပြည့်အဝတာဝန်ယူကြောင်းလည်း ပါရှိသည်။

ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့ကိုယ်စားလှယ်များပါဝင်မည့် အဆိုပါတွေ့ ဆုံဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ ၁၆နှင့် ၁၇ ရက်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်အဖွဲ့ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အတူတက်မယ်လို့တော့ ပြောသံကြားတယ်။ ဒါပေမယ့် ဘယ်သူတွေတက်မယ်၊ ဘယ် လောက်လာမယ်ဆိုတာတော့ မသိသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အရင်က ဆွေးနွေးပွဲတက်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့တွေပဲသွားမယ်။ နက်ဖြန်လောက်ဆိုရင်တောင် ကျွန်တော်တို့ ဆွေးနွေးပွဲကို ခရီးစတင် တော့မှာ” ဟု KIA မှ ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

သြဂုတ်လ ၃၁ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်လေးဖွဲ့ဖြစ်သည့် KIA၊ TNLA၊ MNDAA၊ AA တို့နှင့် ကျိုင်းတုံမြို့၌ ဆွေးနွေးပွဲအပြီးတွင် အချက်(၆)ချက် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အမြန်ဆုံးလက်မှတ်ရေးထိုး နိုင်ရန် ပွင့်ပွင့်လင်းဆွေးနွေးခဲ့ကြောင်း အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) နှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်း ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်ဟုလည်း ပါရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly