စစ်ကိုင်း ၊စက်တင်ဘာ ၁၃ ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တရုတ်နိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ရွှေ့ပြောင်း အလုပ်သမား ၁၀၀ အား ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်မှ ပြောကြားလိုက်သည်။
စက်တင်ဘာလ ၁၃ ရက်နေ့က မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် လူကုန် ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" တရုတ်နိုင်ငံကို တရားမဝင်ရွှေ့ပြောင်း သွားရောက်အလုပ်လုပ်ကိုင်ရာမှ ဒုက္ခကြုံတွေ့နေရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက အလုပ်သမားတွေကို တိုင်းဒေသကြီး အစိုးရအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတာဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၄ ရက်က (၆၀)ဦး၊ဖေဖော်ဝါရီ ၂ ရက်နေ့က (၆)ဦး၊ ဧပြီ ၂၃ ရက်က (၂၃)ဦး၊ သြဂုတ်လ ၂၃ ရက်နေ့က (၁၁)ဦး စုစုပေါင်း ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် ရွှေ့ပြောင်းအလုပ်သမားများအား ၃ ကြိမ် တားဆီးနိုင်ခဲ့ပြီး ၁၄၁ ဦးအား နေရပ်သို့ ပြန်လည်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လူကုန်ကူးမှု ၅ မှုအား ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ကျား ၅ ဦး၊ မ ၁၂ ဦးအား စိစစ်သတ်မှတ်ခဲ့ကာ လူကုန်ကူးသူ တရားခံ ကျား ၅ ဦး၊ မ ၆ ဦးတို့အား ဖော်ထုတ်အရေးယူနိင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည့် အလုပ်သမားများကို တိုင်းဒေသကြီးအစိုးရမှ ကျပ်သိန်း ၃၃၀ ကျော် ထောက်ပံခဲ့ပြီး တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ကာ တိုင်းကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/