ရွိုင်ရယ်တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ စွပ်စွဲခံထားရသူကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်

ရွိုင်ရယ်တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ စွပ်စွဲခံထားရသူကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်
မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးတွင် ၂၀၁၈ အောက်တိုဘာလ ၄ရက်နေ့က ရုံးထုတ်ခဲ့စဉ် ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။        ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ ရွိုင်ရယ်တည်းခိုခန်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် သံသယရှိသော အမျိုးသမီးဒေါ်လင်းလင်းခိုင်ကို သေဒဏ်အထိချမှတ်နိုင်သည့် ပုဒ်မဖြင့် အရှေ့ပိုင်း ခရိုင်တရား ရုံးက စွဲချက်တင်လိုက်ကြောင်း ဒေါ်လင်းလင်းခိုင်၏ ရှေ့နေ ဦးမိုးဟိန်းက ပြောသည်။

စက်တင်ဘာ (၁၂)ရက်နေ့က စစ်ဆေးသည့်ရုံးချိန်းတွင် အဆိုပါအမှုကိုစွဲချက်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ယခင် က ဒေါ်လင်းလင်းခိုင်ကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့်သာ တရားစွဲတင်ထားခဲ့ခြင်း ဖြစ်သည်။ ယခု စွဲချက်တင်ရာ တွင် ကြိုတင်ကြံရွယ်ချက်ဖြင့်လူသတ်မှုကျူးလွန်သည်ဟုဆိုကာ ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် ပြောင်းလဲ စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။

“လင်းလင်းခိုင်က ဓါးကိုယူလာပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တယ်ဆိုပြီးတော့ သေဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ စွဲချက်တင်လိုက်တာပေါ့”ဟု ဦးမိုးဟိန်းက ပြောသည်။

အဆိုပါစွဲချက်အမိန့်နဲ့ ပတ်သက်ပြီး ဒေါ်လင်းလင်းခိုင်၏ မိသားစုဘက်မှ စွဲချက်ပုဒ်မကို ပြောင်းလဲနိုင်ရေး အတွက် တိုင်းတရားလွှတ်တော်ကို ပြင်ဆင်မှုတက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင်စျေးအနီးရှိ ရွိုင်ရယ်တည်းခိုခန်းတွင်၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက အမျိုးသမီး တစ်ဦးနှင့်အတူ လာရောက်တည်းခိုခဲ့သော အမျိုးသားသည် ရင်ညွန့်နှင့် ကျောကုန်းတွင် ထိုးသွင်း ဒဏ်ရာ တစ်ချက်စီဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွက် သံသယရှိသော အမျိုးသမီးဒေါ်လင်းလင်းခိုင်ကို ဒေါပုံမြို့နယ်၊ ယမုံနာ(၂) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ၂၀၁၈ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၃ နာရီက ဖမ်းဆီးရမိ ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

သေဆုံးသူသည် လူပျိုဟုဆိုကာ လိမ်လည်ပေါင်းသင်းခဲ့ပြီးနောက် ဒေါ်လင်းလင်းခိုင်ကို မြဝတီမြို့အထိ ခေါ်ဆောင်၍ တစ်ယောက်တည်း ပစ်ထားခဲ့ကြောင်း ၊ ဒေါ်လင်းလင်းခိုင်သည် ရန်ကုန်မြို့ကို ပြန်လာခဲ့ပြီး ထီပေါက်သည်ဟု ဆိုကာ ထွန်းလင်းအောင်ကို ချိန်းဆိုပြီးနောက် ရွိုင်ရယ်တည်းခိုခန်းတွင် ချိန်းတွေ့၍ သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ မလင်းလင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားခဲ့ခြင်း ဖြစ်သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required