NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ မျက်မှောက်နိုင်ငံရေးအမြင်

By မျိုးသန့်(မဇ္စျိမ)
10 September 2019
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ မျက်မှောက်နိုင်ငံရေးအမြင်

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။  အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ မဇ္စျိမ Exclusive Interview အစီအစဉ်ကနေ ကြိုဆို်ပါတယ်ခင်ဗျာ။ ဒီကနေ့မှာတော့ ဆရာဒေါက်တာ ဦးစိန်ဝင်း နဲ့ ကျွန်တော်တို့ မေးမြန်းသွားမှာ ဖြစ်ပါတယ် ။ဒေါက်တာစိန်ဝင်းဟာ အရင်တုန်းကခေါ်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံ( NCGUB )၊အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်   ဖြစ်ပါတယ်။     တိတိကျကျ ပြောရရင် နှစ်ပေါင်း ၃၀ ကျော်အကြာမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ် ။ အဲဒီတော့ သူ ပြန်ရောက်လာပုံ၊ ပြီးလို့ရှိရင် NCGUB အစိုးရပေါ့ ၊ အစိုးရကို ဘယ်လိုမျိုး ဖွဲ့စည်းခဲ့သလဲဆိုတာရယ်၊ သမိုင်းကြောင်းလေး နည်းနည်း ပြန်ကြည့် ပြီးတော့မှ လက်ရှိနိုင်ငံရေး အခြေအနေတွေကို  ဆက်လက်ဆွေးနွေးသွားပါမယ် ခင်ဗျာ ။

မေး ။            ။မင်္ဂလာပါဆရာ ခင်ဗျာ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာပေါ့နော်၊ နှစ်ပေါင်း ၂၉ နှစ် ကြာမှ မြန်မာပြည်ကို ပြန်ရောက်လာတယ်၊ ပြန်ရောက်လာတဲ့ အခါကျတော့ ပထမဆုံး ငါပြန်ရတော့မယ်ဆိုပြီး သိလိုက်ချိန်မှာ ဘယ်လိုမျိုး ခံစားချက် ဖြစ်မိလဲ ဆရာ ။

ဖြေ။              ။အဲ့ဒီဟာတော့ ဒီ ကျွန်တော်တို့ အဖုအထစ်မရှိဘဲနဲ့ ပြန်ဖို့က အရေးကြီးတယ်။ ကျန်တာတော့ သေချာမသိဘူး၊ ကျွန်တော် သိသလောက်က ရဲဘော်ရဲဘက်တွေ ပြန်တွေ့မယ်၊ လုပ်ဖော်ကိုင်ဖက်တွေ တွေ့မယ်၊ ဆွေမျိုးသားချင်းတွေ တွေ့မယ် ၊ နှစ်ပေါင်းများစွာ ကွဲတဲ့ ဟာတွေပေါ့၊  အဲ့ဒီစိတ်ဓာတ်က ဖုံးတာပေါ့ ၊ ဝမ်းသာတာပေါ့။

မေး။             ။အဲဒီတော့ အခုရော   တစ်ချို့ ရဲဘော်ရဲဘက်တွေ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဆွေတွေကို တွေ့ ပြီးပြီလား။

ဖြေ။              ။တွေ့ ပြီးပါပြီ။ ကျွန်တော် NLD ရုံးချုပ်ကို သွားတယ် ၊ ဘဘ ဦးတင်ဦးဆီ သွားတယ်၊ ကျန်တဲ့လူတွေ လည်းရှိတာပေါ့ ။

 မေး။  ။အဲဒီတော့ ဆရာရယ် နှစ်ပေါင်း ၃၀ နီးပါးလောက်ကို ဝေကွားနေခဲ့တယ်၊ တချို့တွေ ဆိုရင်လည်း တိုက်ပွဲတွေကြားမှာ ကျဆုံးသွားကြတာတွေရှိတယ် ၊ တစ်ချို့တွေ ဆိုလို့ ရှိရင်လည်း တိမ်းပါးသွားကြတာတွေရှိတယ်၊ ဒီ ရဲဘော်တွေကိုရော အခုလိုမျိုး ပြန်လာတဲ့ အချိန်မှာ ဘာများ ပြောချင်လဲ၊ ဆုံးပါးသွားတဲ့ ရဲဘော်တွေ၊ အသက်ရှင်လျက်ရှိတဲ့ ရဲဘော်တွေကိုရော ဘာများပြောချင်သေးလဲ။

ဖြေ။   ။ ခက်တာဗျ။ ကျွန်တော်က ၇၅ နှစ်၊ သူတို့တွေကလည်း အဲ့ဒီ သက်တမ်းအရွယ်တွေနော်။ ဆိုတော့ အသက်ကြီးလာရင် ဘာပြောစရာရှိမှာလဲ၊ ဘာမှ ပြောစရာမရှိတော့ဘူး ၊ အသက်ကြီးလာရင် ဆုပေးဖို့ ကျန်းမာပါစေ ချမ်းသာပါစေ ၊ ဒါမှ မဟုတ်လည်း အကြံဉာဏ်ပေးဖို့၊ ဒါပဲ ရှိတော့တယ်။ ကိုယ်က အသက်က ကြီးပြီ ငယ်ငယ်တုန်းကတွေ့ရင်တော့ တစ်မျိုးပေါ့ ၊ ဒါပေမယ့် ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေကျတော့ နှမြောတသ တာပေါ့ဗျာ ၊ သြော် ငါတို့တော့ မသေသေဘူး ၊ ဒီမှာ အပြောင်း အလဲတွေ ဘာတွေတွေ့တယ် အခြေအနေတွေနဲ့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်ရောက်ခဲ့တယ် ၊ အဲ့ဒီလူတွေက မျှော်လင့်ချက်နဲ့ ဆုံးပါးတယ် အဲဒီစိတ်ကတော့ ရှိတာပေါ့နော်။

မေး ။            ။   ကျွန်တော် တစ်ခုတော့ မေးချင်ပါတယ်၊   NCGUB စပြီးတော့ ဖွဲ့တယ် ။ မာနယ်ပလောမှာထင်တယ်နော် ။ ဆရာ ၊ အဲဒီအခြေအနေ မတိုင်ခင်မှာ ဆရာတို့ ဘယ်လိုတွေ လုပ်ခဲ့လည်း ၊ NCGUB ဖွဲ့ရတဲ့ ရည်ရွယ်ချက်၊ ဒါကလည်း သမိုင်းကြောင်းနဲ့ ဆိုင်တဲ့ အခါကျတော့ ၊ ဆရာကလည်း ဝန်ကြီးချုပ် ဖြစ်ခဲ့တယ်ဆိုတော့ ဒါကလည်း ပြန်ပြောဖို့ သင့်တယ်ပေါ့နော် ၊ ကလေးတွေလည်း သိအောင် ၊ ပြောပေးပါဦး ။

ဖြေ ။             ။အဲ့ဒီအချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေတဲ့အချိန် နော်၊ အဲ့ဒီဟာနဲ့ အလုပ်ရှုပ်နေတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အဖွဲ့တွေထဲမှာတောင်မှ ဒီသံသယဆိုတာ ရှိတယ်ဗျ ။ ဒီသံသယက အမျိုးမျိုးသော အကြောင်းကြောင်းပေါ့ဗျာ၊ ရှိနေတယ်ပေါ့ ။  ရှိတော့ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာဆိုတာတွေလည်း ရှိတယ်၊ ဘယ်လောက်အထိ ရှိလဲဆိုရင် ကျွန်တော်က ပေါက်ခေါင်းက။ ပေါက်ခေါင်းကရွေးတဲ့လူက ကွန်မြူနစ်တွေ ဖြစ်မယ်တဲ့ ၊ ဒါမှမဟုတ်ရင် ဦးနေဝင်းရဲ့ ဆွေမျိုးတွေ ဖြစ်မယ်တဲ့ နော်။ အဲ့ဒီတော့ အဲ့ဒီက အဖိုးကြီးတစ်ယောက်က မေးတယ်၊ ဆရာတဲ့ ခင်ဗျားတို့ နိုင်သွားပြီဆိုပါတော့တဲ့ ဟိုကလာပြီးတော့ ကြိုးတုပ်ပြီးဖမ်းရင် ဘာလုပ်မှာလဲတဲ့၊ ဘာမှ မလုပ်နိုင်ဘူး ဘာမှလုပ်လို့ မရဘူး  နော်၊ ဆိုတော့ အဲ့ဒီလို သံသယတွေတော့ ရှိတယ်ဗျ ။ အဲ့ဒီမှာ ၁၉၉၀ ရွေးကောက်ပွဲ တစ်ခဲနက် NLD ကနိုင်သွားတယ် ၊ မနိုင်ခင်မှာ အားလုံးသိတဲ့ အတိုင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ စစ်တန်းလျားကို ပြန်ပါမယ် ။ အခြေခံ ဥပဒေဆွဲတာ ကျွွန်တော်တို့ အလုပ် မဟုတ်ဘူး၊ နိုင်တဲ့ပါတီက ဦးဆောင်ပြီးတော့ ဆွဲပေါ့ ၊ အဲ့ဒီအတိုင်း ဖြစ်လာရင်တော့ အကောင်းဆုံး ပေါ့ဗျာ ၊ အဲ့ဒီအတိုင်း ဖြစ်မလာဘူး သိတဲ့အတိုင်း ။ အဲ့ဒီတော့ အခြေအနေပေါ်မှာတည် ပြီးတော့ စဉ်စားချက်တွေကလည်း ပျံ့သွားတယ်၊  အဲ့ဒီထက်ပိုဆိုးတာက လက်ရှိ NLD တို့၊ ဒီရွေးကောက်ပွဲ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေကို ဖိနှိပ်မူတွေဟာ များလာတယ် ။ အဲ့ဒီတော့ တစ်ခုခုတော့ လုပ်မှပဲဆိုပြီးတော့ ကျွန်တော်တို့ ဒီလမ်းကိုပဲ ရွေးကြတာပေါ့ဗျာ၊ ဒီကမ္ဘာမှာ အသိပေးဖို့ပေါ့ဗျာ။

မေး။`            ။ ဆိုတော့ NCGB ဆိုပြီးတော့ ဖြစ်လာတာပေါ့ ဗျာ၊ နောက်တစ်ခုပေါ့လေ   နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ ရောက်တိုင်းမှာ အာဇာနည် မိသားစုဝင်တွေကနေ သွားပြီးတော့ လွမ်းသူ့ပန်းခွေချတယ် ဂါဝရပြုတယ်ပေါ့နော်။ ဆရာဆို နှစ်ပေါင်း ၂၉ နှစ်မှာ တော်တော်ဝေးကွာ ခဲ့တယ်၊ ကိုယ်ရဲ့ အဖေလည်း ဖြစ်တယ် ဦးဘဝင်းပေါ့နော်၊ ဦးဘဝင်း ဆိုတာကလည်း အာဇာနည်ခေါင်းဆောင် တစ်ယောက်လည်းဖြစ်တယ်၊ ဒီလိုမျိုးဂါဝရပြုခွင့် မရတဲ့အပေါ်မှာရော ဆရာ ဘာပြောချင်လဲခင်ဗျ။

ဖြေ။              ။ကျွန်တော်ကတော့ ဘယ်လိုခေါ်မလဲ ဒီလုပ်ကြံမူ ဖြစ်တဲ့ အချိန်မှာ ကျွန်တော် ၃ နှစ်လောက်ပဲ ရှိတယ် ၊ ဆိုတော့ ဘာမှသိပ်မသိဘူး၊  မသိတဲ့အတွက်လည်း ခံစားမူက ဒီလောက် မပြင်းဘူး ၊ ပုဂ္ဂိုလ်ရေးခံစားမူလို့ပဲ ပြောပြောပေါ့၊ ကြားနာရတဲ့ အခြေအနေတွေက အပြင်ကပဲ ကြားနာတာပေါ့၊ အသက်ကြီးလာတဲ့ အခါကျတော့ ဗိုလ်ချုပ်က ဘယ်လိုပုဂ္ဂိုလ်၊ တိုင်းပြည်အတွက် ဘာတွေ လုုပ်ခဲ့တယ်၊ လူထုကလည်း ကျွန်တော်မြင်တွေ့နေရတာပဲ ၊ ဆိုတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းကို တွေးမိတိုင်း တိုင်းပြည်နဲ့ ယှဉ်ပြီးတွေးတယ် ၊ ကိုယ့်ဦးလေးတို့ ကိုယ့်အဖေတို့ထက် ကျွန်တော်မမှတ်မိဘူးလေ၊ ၃ နှစ်သားဆိုတော့၊ ဒါကြောင့်မို့လို့ တိုင်းပြည်ကို ချစ်တဲ့စိတ်ပဲ ပြောပြော၊ ငါတို့တိုင်းပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်သေးရင် ၊ (တိုင်းပြည်က) ဒီနေရာတော့ ရောက်မှာ မဟုတ်ဘူး ။ ဒီနေရာဆိုတာ ဘာလဲ ခင်ဗျားသိတယ် မှတ်လား။ ဒီလိုနေရမှာမဟုတ်ဘူး၊ အဲ့ဒီလိုစိတ် ဖြစ်တော့ ဖြစ်တာပေါ့လေ။

မေး။             ။ ကျေးဇူးပါဆရာ နောက်ထပ် နောက်တစ်ခုပေါ့နော် ခုနကပြောသလိုပဲ ရဲဘော်တွေ ဆိုတာ ကျန်ခဲ့တာပေါ့လေ ၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး။ တပ်က အာဏာသိမ်း လိုက်တယ်၊ သိမ်းလိုက်တဲ့အခါကျမှ ဒီ NLD ကိုယ်စားလှယ်တွေ NLD အဖွဲ့ဝင်တွေဆိုလည်း အဖမ်းခံ ခဲ့ရတာရှိတယ် ၊ ပြည်တွင်းမှာလည်း ကျပ်ကျပ်တည်းတည်း ရုန်းကန်ခဲ့ရတာပေါ့နော် ၊ ဆိုတော့ NCGUB အနေနဲ့ရော ပြည်ပမှာပေါ့၊ ဘယ်လိုမျိုး ရုန်းကန်ခဲ့ရလဲ၊ အစိုးရတစ်ရပ်ကို ဘယ်လိုမျိုး run သလဲပေါ့ ဆရာရယ်၊ လုပ်ငန်းစဉ်လေးနည်းနည်း ပြောပြပေးပါလား။

ဖြေ။              ။ပြည်ပ အစိုးရဆိုတာ လွယ်တဲ့အလုပ် မဟုတ်ဘူး။ ကျွန်တော်တို့လည်းပဲ ဒီမှာဘယ်လိုခေါ်မလဲ အတွေ့အကြုံရှိတာမဟုတ်ဘူး။ အတွေ့အကြုံရှိတဲ့လူလည်း နည်းပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးဗျ ။ ဒုတိယကမ္ဘာစစ်မှာ နော်ဝေး အစိုးရကနေပြီးတော့ ဒီ နာဇီ ဂျာမနီ ဝင်သိမ်းတဲ့ အခါကျတော့ နော်ဝေးဘုရင်ကနေပြီးတော့ အင်္ဂလန်ကိုသွားပြီးတော့ အင်္ဂလန်မှာ သူ့ရဲ့ ပြည်ပအစိုးရထောင်တယ် ၊ ထောင်တဲ့အခါကျတော့ ဘုရင်ကိုယ်တိုင် ထောင်တော့ ဘာမှ ပြဿနာမရှိဘူးပေါ့ဗျာ ။ ဒါက ဒီလောက်မဟုတ်ဘူး သူ့တိုင်းပြည်ကို ဝင်ပြီးတော့ စီးထားတဲ့ ဂျာမနီ လက်ကနေပြီးတော့ နော်ဝေးပြန်ရဖို့ အတွက်ကျတော့ သူ့ အလုပ်မဟုတ်တော့ဘူးဗျ၊ ဒါက အမေရိကန်နဲ့ မဟာမိတ်အလုပ်၊ သူက ထိုင်ကြည့်ရုံပဲ။ ဒီတော့ ကျန်တဲ့ ဟာတွေလည်း သူလုပ်နိုင်တာပေါ့ဗျာ နော်၊ ဒီစီမံကိန်းတွေ ဘာတွေလည်း ဆွဲနိုင်တာပေါ့ဗျာ ၊ အဲ့ဒီအလုပ်က သူ့အလုပ်မဟုတ်တော့ဘူး။ ကျွန်တော်တို့က အဲ့ဒီလို မဟုတ်ဘူးဗျ နော် ၊ ကျွန်တော်တို့က ဒီမိုကရေစီ ပြန်လိုချင်တော့ လုပ်ရတော့မယ် ၊ အလုပ်လုပ်ရတော့မယ်ပေါ့နော် ၊ အဲဒီဟာလည်းကွာတာပေါ့နော် ၊ နောက်တစ်ခုကတော့ ကျွန်တော်ပြောပြမယ်။ ကျွန်တော်တို့ ထွက်လာတာဟာ MP ဆိုတာ MP ပဲ၊ အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ ထွက်လာတာ။သိတ်ပြီးပိုက်ဆံ မပါကြဘူး၊ ပိုက်ဆံပါတဲ့လူကလည်း နည်းနည်းပါးပါးတော့ ပါတာပေါ့ဗျာ ။ထိုင်းနိုင်ငံက တပ်ဆင်ရှီနာဝပ်ထရာတော့ မဟုတ်ဘူးဗျ ၊ သိတယ်မို့လား တပ်ဆင်။ အဲဒီတော့ ခြားနားတယ်။ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံရတယ် ၊ သို့သော်လည်း ကိုယ်က ဒီလမ်းကို သွားပြီးတဲ့ အခါမှာ အစိုးရဖွဲ့တယ်ဆိုတာ ဒီနေ့ဖွဲ့ မနက်ဖြန် ဖျက်လို့ မရဘူး၊ ဖွဲ့ချင်တိုင်းလည်း ဖွဲ့လို့ မရဘူး နော်၊ လူတစ်စုနဲ့ ဖွဲ့လို့ မရဘူးဗျာ သူ့မှာ အခြေခံရှိရမယ်၊ အဲ့ဒီတော့ အခြေခံက ၁၉၉၀ ရွေးကောက်ပွဲကို အခြေခံပြီးဖွဲ့ရတာ ကျွန်တော်တို့ ဘာမှမရှိဘူး သို့သော်လည်း မဟာမိတ်တွေ ရှိတယ် ။ကျွန်တော် အဲ့ဒီ အင်တာဗျူးမှာ ပြောတယ်၊ ငွေရေးကြေးရေး အင်အားလည်း မရှိဘူး၊ ဘာလည်းမရှိဘူး ။ဒါပေမယ့် ကျွန်တော်တို့မှာ မဟာမိတ်တွေ ရှိတယ်။၊

မေး။             ။   ဖွဲ့ပြီးတော့ ဆရာ၊ လုပ်ငန်းစဉ်လေး နည်းနည်းလောက်ပြောပြပါလား ၊ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ဘယ်လိုတွေ လုပ်ကိုင်ခဲ့လည်းတို့ ဘာတို့ပေါ့ ။

ဖြေ။              ။ တစ် အချက်က အစိုးရတစ်ခု ဖွဲ့ပြီးရင် ဘာလုပ်ရမလဲဆိုတာ ရှိတယ် ၊ ဘာအလုပ်လုပ်မလဲ ဆိုတဲ့အခါမှာ စောစောက နော်ဝေးကို ပြောတာ အဲ့ဒီဟာပဲ၊ သူ့မှာ လုပ်ငန်းစဉ်မရှိလည်း ကိစ္စမရှိဘူး၊ ဒုတိယကမ္ဘာစစ် ၆ နှစ် နော် ဒီမှာက အဲ့ဒီလိုမဟုတ်ဘူး။ အဲဒီတော့ anyway ဘယ်လိုပဲ ဖြစ်ဖြစ် စလာတာက ကျွန်တော်တို့ ဘာလုပ်မလဲ ၁၉၉၀ က ကျွန်တော်တို့ရဲ့ အခြေခံ၊ အဲ့ဒါကို ကျွန်တော်တို့ မမေ့ဖို့ လိုတယ် ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ တပ်မတော်က အနိုင်ရပါတီ ဖြစ်တဲ့ NLD ကို သူတို့ ပြောတဲ့အတိုင်း မလုပ်တဲ့အတွက် ကျွန်တော်တို့က လုပ်ရတာ၊ သူတို့ ကတိပျက်လို့ လုပ်ရတာ၊ အဲဒီအခြေခံကို မမေ့ဘို့လိုတယ် နော်၊ NLD ရဲ့ အခြေခံကဘာလဲဆိုရင် အကြမ်းမဖက်တဲ့ လမ်းစဉ် ဒီလမ်းစဉ် ကိုပဲ ကျွန်တော်တို့ ဆက်လိုက်ရမယ်၊ ကျန်တဲ့လမ်းစဉ်ကို လိုက်လို့ မရဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ရောက်နေတဲ့ နေရာက မာနယ်ပလော၊စဉ်းစားကြည့်၊ (အနက်ရောင်နယ်မြေထဲရောက်နေတယ်။) ဒါပေမယ့် ဒီလမ်းစဉ်ပဲ သွားရမယ်၊ နောက်ပြီးရင် အဲဒီတော့ ဘာအလုပ်လုပ်မလဲဆိုတော့ နိုင်ငံတကာကို  သွားပြီးတော့ မြန်မာပြည်အကြောင်းကို ပြောမယ် ဟောမယ် ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ရှင်းပြမယ် ၊   အရေးဆိုမယ်ပေါ့ဗျာ ၊ခင်ဗျားတို့လည်း ကူပါဦး၊ ကျုပ်တို့ချည်းပဲ မထားပါနဲ့ အဲဒီတော့ ဘယ်အဆင့် ထိသွားမလဲဆိုရင် UN ပေါ့နော်၊ ကျွန်တော်တို့ ကုလသမဂ္ဂမှာ သွားပြီးပြောမယ်၊ အဲဒီတော့ ကျွန်တော်တို့ ရဲ့ လုပ်ငန်းက အဲ့ဒီလုပ်ငန်းပဲ၊ လုပ်ငန်းလည်းရသွားပြီ ဟိုဟာလည်းရသွားတော့ မေးခွန်းတစ်ခုရှိတယ်၊ အစိုးရတစ်ခု ဖွဲ့ရင် မေးခွန်းက ဘယ်အစိုးရက ခင်ဗျားတို့ကို ထောက်ခံလဲ အသိအမှတ်ပြုသလဲ ဆိုတော့ ရှင်းရှင်းပြောရရင် ဘယ်အစိုးရမှ မထောက်ပံ့ဘူး၊ အသိအမှတ်လည်းအပြုဘူး။ အဲဒီတော့ အဲဒီအတွက်ကို ကျွန်တော်တို့က တိုက်မှာလား၊ ခင်ဗျားတို့ ကျုပ်တို့ကို ထောက်ခံပါ၊ မတိုက်ဘူး၊ တိုက်လို့လည်းမလွယ်ဘူးပေါ့ဗျာ။ UN မှာ စစ်တပ်က မထိုင်သင့်ဘူး ဆိုတာကို ကျွန်တော် အစောကြီးထဲက ပြောတယ်၊ စစ်တပ်က မြန်မာပြည်ရဲ့ နေရာကို UN မှာ မရှိသင့်ဘူး ပြောတယ်။ ကျွန်တော်တို့ ပြောတယ်၊ ပြောတဲ့ အခါမှာ ကျွန်တော်တို့ ထိုင်မယ်လို့ တောင် မပြောဘူးဗျ ၊  အဲဒီလို မရှိသင့်ဘူး၊ အဲ့ဒီလိုမဖြစ်သင့်ဘူး ဒါတော့ ပြောတယ် ။ အဲဒီတော့  လမ်းကြောင်းက အဲဒီလမ်းကြောင်းကို ကျွန်တော်တို့ စစဦးဆုံးကတည်းက ရွေးထားတာ။ ချော်မသွားအောင်၊ အဲဒါအရေးကြီးတယ်။ အဲ့ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်တယ်၊ လုပ်ရင်းနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် နိုဘလ်ဆု ရတယ် ၊ ကျွန်တော်တို့ နော်ဝေးသွားတယ် အော့စလို သွားတယ် အော့စလိုကနေပြီးတော့ Deputy Foreign Minister နဲ့တွေ့တယ်၊ တွေ့တဲ့အခါမှာ ကျွန်တော်တို့ DVB အတွက်ကို ပြောတယ် ၊   တပ်မတော်ကတော့ တစ်ပတ်ကို ၇ ရက်၊ တစ်နေ့ကို ၂၄ နာရီ ၊ သူတို့ လိုချင်တဲ့ ပြောချင်တဲ့ဟာတွေ ပြောလို့ ရတယ်၊ ကျွန်တော်တို့မှာ ဘာမှမရှိဘူး အဲ့ဒီတော့ ကျွန်တော်တို့ နော်ဝေးကနေပြီးတော့ အသံလွှင့်ခွင့်ပေးပါ။   ကျွန်တော်တို့ကလည်း ပြောချင်တယ်၊ အမှန်ကို ပြောမှာ။ propaganda မဟုတ်ဘူး။ ပြည်တွင်းကလူတွေ ဘာသိသင့်လဲ၊ အပြင်မှာ ဘာဖြစ်နေတယ်ဆိုတာ သိသင့်တယ်၊ အပြင်ကလူတွေ ဘာဖြစ်နေတယ် ပြည်တွင်းကလူတွေ  သိသင့်တယ်၊  အဲ့ဒါတွေ ကျွန်တော်တို့ ဖွင့်ချင်တယ်။ အဲ့ဒီတော့ သူက မူအရ လက်ခံလိုက်တယ်၊ အဲ့ဒါကတော့ DVB ရဲ့ အစ၊ အဲဒီတော့ အင်တာဗျူးမှာ press conference မှာ မေးခွန်းထုတ်တယ် ။ နော်ဝေးကတဲ့ တစ်ဖက်ကလည်း စစ်အစိုးရကို အသိအမှတ်ပြုထားတယ်၊ တစ်ချိန်ထဲမှာ စစ်အစိုးရနဲ့ ဆန့်ကျင်ဘက်ကို စကားပြောခွင့်ပေးထားတယ်၊ ဒါ မှန်ကန်ပါ့မလားတဲ့၊ သူတို့ အဆိုအရတော့ normal မဟုတ်ဘူးပေါ့ဗျာ၊ ဒီ သံရေးတမန်ရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒါ normal မဟုတ်ဘူးပေါ့ ။ ဆိုတော့ အဲ့ဒီပုဂ္ဂိုလ်က လူငယ် လူငယ်၊ ဘာပြောလဲ ဆိုတော့ မြန်မာပြည်ရဲ့ အရေးဟာလည်း normal မဟုတ််ပါဘူးတဲ့၊ မြန်မာပြည်မှာ Election ရှိတယ်တဲ့၊ အဲ့ဒီ election မှာ စစ်တပ်က အရှုံးကြီးရူံးတယ်တဲ့၊ နော် ဒါပေမယ့်လို့ မပေးဘဲနဲ့ လုယူထားတာ အဲ့ဒါကြောင့်မို့လို့ သူတိ်ု့ normal မဖြစ်ဘူးတဲ့၊ ဒါကြောင့်မို့လို့ ငါတို့လည်း normal မဖြစ်ဘူးတဲ့၊ အဲဒီလိုပြောတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ DVB ရတယ်။   အဲ့ဒီမှာ ကျွန်တော်တို့ ဒီစာချုပ်လို လုပ်ရတာပေါ့ ၊ ဒါလူတွေ တော်တော်နဲ့ မသိဘူး၊ အဲ့ဒီမှာ  ပထမတစ်ချက်က Violent ကို inside မလုပ်ပါဘူုး။ အကြမ်းဖက်မူကို ကျွန်တော်အားမပေးပါဘူး၊ ဒို့အရေးအော်ကွာ ဘာလုပ်ကွာ ညာလုပ်ကွာ မပြောရဘူး။  Violent ကို inside မလုပ်ရဘူး၊ ဒုတိယ အချက်ကတော့ တိုင်းရင်းသားဘာသာနဲ့လည်း တတ်နိုင်သလောက် လွှင့်ပေါ့၊ နော် မြန်မာဘာသာတစ်ခုတည်းနဲ့ မဟုတ်ဘဲ ကျွန်တော်က အဲ့ဒါကို လက်ခံလိုက်တယ် ၊ ကျွန်တော်တို့ မဟာမိတ်က Violent သမား၊ နော် စဉ်းစားကြည့်၊ အဲ့ဒီဟာနဲ့ DVB ကို ပထမဦးဆုံး ကျွန်တော်တို့ လုပ်ခဲ့တယ်။

မေး ။            ။ အဲ့ဒီတော့ဆရာ ကျွန်တော်တို့ ဆရာတို့ ဒါ NCGUB ဖွဲ့တယ်ပေါ့လေ၊  ၉၀ အလွန်ပေါ့နော် ၉၀ အလွန်မှာဖွဲ့တယ် ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ ရှိတာ ပေါ့နော် ဥပမာဆိုလို့ ရှိရင်   ၂၀၀၇ မှာပေါ့နော်   ၂၀၀၇ မှာ ဆိုရင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ် ၊ ၂၀၀၈ မှာ ဆိုရင် ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ အတည်ပြုတယ်၊ ၂၀၁ဝမှာဆို ရွေးကောက်ပွဲလုပ်တယ်၊ ၂၀၁၅မှာဆိုလည်း ဒါရွေးကောက်ပွဲလုပ်တယ် ဆိုတော့ ဒါတွေကတော့ အပြောင်းအလဲတွေပေါ့နော်၊ ဆရာတို့ အဲ့ဒီဟာတွေ အပြင်ကနေ မြင်တဲ့အခါမှာ တွေ့တဲ့အခါမှာ ဘယ်လိုမျိုး ပြောချင်လဲ အဲ့ဒီ အပြောင်းအလဲတွေကို။

ဖြေ။              ။အပြင်ကဆို တဲ့တိုးပဲ ပြောချင်တယ် ၊ အပြောင်းအလဲတော့ ဟုတ်ပါပြီ၊ တကယ့် အပြောင်းအလဲလားဆိုတဲ့ မေးခွန်းက လာတယ်ဗျ။ ၂၀၁၀ ရွေးကောက်ပွဲက တကယ်မှန်သလား။ ကျွန်တော်တို့ရဲ့ ပုံစံက ဘာလဲဆိုတော့ နောက်ပြန်လည်း မသွားဘူး။ နောက်ကဖြစ်ခဲ့တာကို စီစစ်တာလည်း မရှိဘူး၊ နောက်ကြောင်းပြန်တာလည်း မရှိဘူး ဆိုတော့ အဲ့ဒီ အပြောင်း အလဲတွေကို   အပြင်ကကြည့်တဲ့အခါမှာ  ဘယ်လိုမြင်လဲဆိုတော့ စောင့်ကြည့်ဘက်ကို ပိုပြီးတော့ ယိုင်တယ်၊ ဒါကတော့ စောင့်ကြည့်ရမှာပဲ၊ တကယ့် ဟိုဟာလား ၊ ဒါမှမဟုတ်ရင်လည်းပဲ ဘယ်လို အပြောင်းအလဲလည်း၊ ဦးနေဝင်း တပ်မတော်ကနေပြီးတော့ ခေါင်းပေါင်း ပေါင်းတာမျိုးလား ၊ ခင်ဗျားတို့ သိတာပဲ။၊ တကယ့် အပြောင်းအလဲလား ၊ ဒါကိုသူတို့ အဲ့ဒီဘက်ကို ယိုင်တယ်။

မေး။             ။ နိုင်ငံတကာကလည်း ပြောကြတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသမားတွေ ကလည်းပြောကြတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဟာ ဒါတစ်ချို့တွေကလည်းပြောကြတယ် နာဂစ်ဖွဲ့စည်းပုံ၊ နာဂစ်အခြေခံဥပဒေဆိုပြီး ပြောကြတာပေါ့လေ၊ ဆိုတော့ တပ်မတော်သား ၂၅ % က လွတ်တော်ထဲ ရောက်နေတယ်၊ ဒါဟာတကယ့် ဒီမိုကရေစီစနစ်ကို သွားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ဘူးဆိုပြီးမှ ပြောကြတာပေါ့။  ဒီအပေါ်မှာရော ဆရာ့ သုံးသပ်ချက်လေး ပေးလို့ရမလား။

ဖြေ။              ။အဒါတော့ ၂မျိုးပေါ့ဗျာ။ တစ်မျိုးကတော့ ဒီဖွဲ့စည်းပုံနဲ့ပဲ လုပ်လုပ်နေကြတယ်၊ အခုလည်းပဲ တပ်မတော်နဲ့ NLD နဲ့ ညှိနိူင်းပြီးလုပ်ကြတယ်လို့လည်း လူတွေက မြင်တာပေါ့။ အဲ့ဒီမှာကျွန်တော် ဝင်ပြီးတော့ ဘာအကြောင်းကြောင့် ဘာအကြောင်းကြောင့်ဆိုတာ မပြောချင်ဘူး၊၊ မူအရကတော့ မဖြစ်နိုင်ဘူးဗျ၊ ပါးစပ်ပြောတာက ဒီမိုကရေစီ ၊ တောင်းစတုန်းက ပါလီမန်၊ ပါလီမန်ဆိုတာ ရွေးကောက်ပွဲက ဝင်တဲ့လူတွေ ထိုင်တဲ့နေရာ။  ယူနီဖောင်းနဲ့ လူတွေ ထိုင်တဲ့နေရာမဟုတ်ဘူး။ ဘယ်လိုလုပ် ဘယ်လိုလုပ်ပြီးတော့ ဒါက ဒီမိုကရေစီလဲ။ အဲဒီတော့ ဒါမျိုး ဒီပြင်တိုင်းပြည်မှာ မရှိဘူးလားဆိုတော့လည်း ရှိတာပါပဲ။ ကျွန်တော်တို့ အနီးအနားလေးတင်ရှိတယ် ၊ အင်ဒိုနီးရှား အဲဒီမှာရှိတယ် ၊ ဒါပေမယ်လို့ အခု အင်ဒိုနီးရှားမှာ ပြောင်းနေသလား ဘယ်မှာပြောင်းနေလဲတော့ ကျွန်တော်မသိဘူး၊ အဲဒီတော့ အပြောင်းအလဲ အတွက်တော့ စကားပြောသင့်တယ်။ ခင်ဗျားတို့ လုပ်ထား  အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုက တလွဲကြီး၊ ဘယ်လိုမှန်မလဲ၊ ဒီမိုကရေစီ သွားနေပြီဆိုပြီး ပြောတော့။ မကောင်းပါဘူး ကျွန်တော်ပြောရင်တော့ ဟုတ်လား၊ စက္ကူဗုံး တွေလိုဘာတွေလို ဖြစ်ကုန်မယ်။

မေး။             ။ကျေးဇူးပါဆရာ ကျွန်တော် NCGUB ကို နည်းနည်းလေး ဆက်ပြီးတော့ ပြန်ကောက် ပါရစေ ၊ အဲဒီတော့ ၂၀၁၀ မှာဆိုလည်း ရွေးကောက်ပွဲတွေ လုပ်တယ်။ ၂၀၁၂ ကြားဖြတ်မှာဆိုလည်း   ရွေးကောက်ပွဲ ဝင်တယ် ။ NCGUB ကလည်း နှစ်ပေါင်း ၂၅ နှစ်ကြော်ကြာပြီ။  ပြီးတဲ့အခါကျတော့ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်တယ်ပေါ့နော်၊ လိုအပ်လို့ ဖျက်တာလား ၊ ဘာကြောင့် ဖျက်သိမ်းလိုက်တာလဲ။

ဖြေ။              ။ ကျွန်တော်တို့က စစလုပ်ကတည်းက ၁၉၉၀ ပေါ်မှာ မူတည်ထားတာ၊ တစ်ချိန်တည်းမှာပဲ ၁၉၉ဝရဲ့ ပါတီက NLD ပါတီ။ ဆိုတော့ NLD ပါတီ ကိုယ်တိုင်က အပြောင်းအလဲထဲမှာ ပါလာတဲ့ အတွက် ကျွန်တော်တို့က မလွယ်တော့ဘူး။ ဒုတိယ အချက်ကတော့ ဟို အရင်တုန်းက နိုင်ငံတကာကနေပြီးတော့ မြန်မာပြည်ကို ဝင်ဖို့ ပြုဖို့ဆိုတာ တော်တော်ခက်တယ်၊ အခုကျတော့ လွယ်သွားပြီ။ သူတို့ကိုယ်တိုင် သွား - ဝင်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့- မေး - ပြော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့- ပြော။ မြန်မာပြည်မှာ ဘာတွေဖြစ်နေပါတယ်ဆိုတာ ကျွန်တော်တို့ ပြောဖို့ မလိုတော့ဘူး၊ ကိုယ်တိုင်ပြောနိုင်နေပြီင်္ ၊ ကိုယ်စားလှယ်လည်းမဟုတ်တော့ဘူး။

မေး။             ။ကျေးဇူးပါဆရာ ၊နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး တစ်ဆက်တည်း မေးပါရစေ ၊ ခုနက ဆရာပြောတဲ့ အထဲမှာ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆိုရင်လည်း elective ပေါ့နော်၊ အရွေးချယ်ခံ မဟုတ်တဲ့လူတွေက လွတ်တော်ထဲကို ရောက်လာစရာ မရှိဘူးဆိုပြီး အခုလည်း ကြိုးစားနေကြတာပေါ့နော် ၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီးတော့မှ ကော်မတီ ဖွဲ့ ပြီးတော့မှ ကြိုးစားနေကြတာပေါ့၊ ဖွဲ့စည်းပုံ  ပြင်ဆင်ရေး လမ်းကြောင်း၊  ဥပမာ တစ်ချို့ ဆိုလို့ ရှိရင် ၄၃၆၊ ၅၉ စ ဆိုပြီးတော့ ပြင်ဆင်ပေးဖို့ ဆိုပြီး လမ်းပေါ်ဆန္ဒပြတာတွေ ရှိနေတယ် ဆိုတော့၊ ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက လွတ်တော်ထဲမှာလည်း လုပ်နေတယ်၊ လွတ်တော် ပြင်ပမှာလည်း လုပ်နေတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေက အင်မတန်မှ ပြင်ဆင်ဖို့ ခက်ခဲတယ်လို့ တစ်ချို့ သုတေသီတွေကလည်း သုံးသပ်တဲ့ အခါကျတော့ ၊ ဆရာရော ဘယ်လိုမြင်လဲ။ ပြင်ဆင်ဖို့ရာ ဘယ်လောက်ထိ အလားအလာ ကောင်းလဲ။

ဖြေ။              ။ ဒါကတော့ဗျာ speculation ဆိုတော့ ခက်တယ်ဗျ။  ပြောရဆိုရတာ၊ လုပ်သွားတဲ့လူကလည်း အခု retire ဖြစ်သွားပြီ၊ ဒီတာဝန်ရှိတဲ့ နေရာမှာမရှိတော့ဘူး  ရှင်းရှင်းပြောရင်။ ထားပစ်ခဲ့ပြီးတော့ အမှန်ကတော့ မြန်မာပြည် ပြဿနာကို ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်း ပြောသင့်တယ်ဗျာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြောသင့်တယ်၊ ငြိမ်းချမ်းရေးမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောသင့်တယ် ၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာပြည်က ဘယ်လိုမျိုးလဲဆိုတော့ ရှေ့ကဖုံး အနောက်ကပေါ်တယ်၊ သိတယ်မှတ်လား ခင်ဗျားတို့ media မှာ အများကြီး တာဝန်ရှိတယ်။ ဖော်ဖို့ကို အများကြီးတာဝန်ရှိတယ်။ ရိုးရိုးလူတွေကတော့ မြင်နေပြီ၊ နော် ဟုတ်လား၊ ဒါ့ကြောင့်မို့လို့ ကျွန်တော် ပြောတယ် ဟုတ်လား၊ ကဲ တပ်က စိုးရိမ်စိတ် တွေ ရှိတယ်၊ တိုင်းပြည် ၂ ခြမ်းကွဲသွားမှာ ၃ ခြမ်းကွဲသွားမှာ နော်၊ ဒီ လက်နက်ကိုင်တပ်တွေက အများကြီး။ ဒါကို ကျွန်တော်တို့ပဲ ရှိတယ်၊ ဒီအတိုင်းပဲ ရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေ ကျွန်တော်တို့ပဲ ရှိတယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လိုပြောသွားလဲ သိလား ၊ သူကဘာပြောလဲဆိုတော့ ရခိုင်ကိစ္စကတဲ့ ခေတ်အဆက်ဆက်က အစိုးရတွေက မကိုင်တွယ်လို့ မှန်မှန်ကန်ကန်မကိုင်တွယ်လို့ ကျွန်တော်တို့ခေါင်းပေါ် ရောက်လာ တယ်တဲ့၊ သူ့အတွက်လည်း မှန်ပါတယ်၊ ဒေါ်စု အတွက်လည်း မှန်တယ်ဗျနော်၊ ဒီပြဿနာ ဘယ်က စလဲဆိုရင် အင်္ဂလိပ် ခေတ်ထဲက စတာ နော်၊ သေချာ ပြန်လေ့လာကြည့် အင်္ဂလိပ်ခေတ်ထဲက စတာ။ ဒါပေမယ်လို့ နှစ်ပေါင်း ၅၀ လောက် စစ်တပ်က အုပ်ချုပ်တယ်၊ ဒီ စစ်တပ်အုပ်ချုပ်တဲ့ အချိန်မှာ ရွေးကောက်ပွဲလည်း မရှိဘူး၊ အရပ်စကားနဲ့ ပြောရင် သူတို့ခြေ သူတို့လက်။ အဲဒီတော့ ဘယ်သူ့မှာ တာဝန်ရှိမှာလည်း ပြောပါဦး၊ မင်းအောင်လှိုင်ကတော့ ဟုတ်တယ် ၊ သူ့မှာ တာဝန်မရှိဘူး။ သို့သော်လည်း ဘယ်သူ့ လက်ထဲမှာလည်း ၊ ဆိုတော့ ကျွန်တော်တို့ ဒီရခိုင်ကိစ္စကို အားလုံး သိသွားတယ်၊ နော် ဟုတ်လား ။ ဒီပြင်တိုင်းပြည်တွေမှာ ဒီ Imegration ပြဿနာဆိုတာ ရှိတယ်၊ ယိုးဒယားမှာ မြန်မာတွေ အများကြီးရှိတယ်ဗျာ ၊ သန်းနဲ့ချီ ရှိတယ် ဘာပြဿနာရှိလဲ ၊ ဘာကြောင့်လဲ သူတို့က ကိုင်တွယ်တတ်တယ် နော်၊ အဲဒီတော့ အဲဒီလို နောင် မဖြစ်အောင် ဖြစ်ခဲ့တာတွေလည်း လေ့လာ သုံးသပ်၊ နောက်အဲဒီဟာမျိုး မဖြစ်ဖို့ ၊ တစ်ချိန်တည်းမှာပဲ အနာဂတ်ကိုကြည့်၊ တစ်ယောက်နဲ့ တစ်ယောက်က ပွင့်ပွင့်လင်းလင်းပြော။ ဟုတ်တယ် တပ်မတော်က ဒါတွေကို ကျွန်တော်တို့ စိုးရိမ်တယ်၊ ခင်ဗျားတို့ ဘယ်လောက်ထိ စိုးရိမ်သလဲ၊ ငြိမ်းချမ်းရေးယူချင်တယ်၊ အိုကေ ကျုပ်တို့ လက်ထဲမှာ လက်နက် မရှိဘူုးဗျ ၊ ဘယ်လိုလို့ ငြိမ်းချမ်းရေး ယူမလဲ ၊ ခင်ဗျားတို့ လက်ထဲမှာ လက်နက်ရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ထဲမှာ လက်နက်ရှိတယ် ၊ သူတို့ အချင်းချင်းယူရမယ်။

မေး။    ။ ကျေးဇူးပါဆရာ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  တစ်ချို့တွေကလည်း ပြင်ဖို့ ပြောနေကြတယ် ၊ အဲဒီတော့ ကျွန်တော်တို့ ပြင်ဆင်ရေးလမ်းကြောင်းက ဘယ်လောက်ထိနီးစပ်တယ်လို့ ဆရာထင်လဲ။ ဆရာ အပြင်ကနေကြည့်ရင်။

ဖြေ။              ။   ပြောရခက်တယ်၊ ခုနပြောတဲ့ဟာက တပ်က ဟိုဟာပေါ့နော်၊ သူတို့ရဲ့ ရှယ်ယာပေါ့ဗျာ ၊ ၂၅ % ကို ယူထားတာ ရှင်းရှင်းပြောရင်။ နောက်ပြီးရင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်လို့ မရအောင် လုပ်ထားတယ်၊ အဲဒါကို ပြင်ဖို့ ဆိုတာလည်း တော်တော်ခက်တယ်၊ ပြင်လို့ မရအောင် လုပ်ထားတဲ့ အခြေခံဥပဒေကို ဘယ်လို ပြင်မလဲ ။ ဆိုတော့ အဲ့ဒီ ၂ချက်က ပြဿနာ ရှိတယ်၊ ပြဿနာက ဘယ်လိုလည်းဆိုတော့ ရေရှည်မှာပြဿနာရှိတယ်၊ ရေရှည်မှာ ဘယ်ပါတီ နိုင်နိုင် NLD မှ မဟုတ်ဘူးနော် ၊ ပြဿနာက အေးမှာ မဟုတ်ဘုူးနော်၊ ဒီ ပြဿနာရှိမယ်။ ဆိုတော့ ဒီ တပ်က ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရမယ်၊ တပ်က ဖြေရှင်းရမယ်။ ဖြေရှင်းတဲ့ အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မင်းတို့လည်း လက်နက်ကိုင်တယ် ၊  ငါတို့လည်း  လက်နက်ကိုင်တယ်။ မင်းတို့ ဘာကြိုက်သလဲ ဘာလုပ်ချင်လဲ ငါတို့တော့ ဘာလုပ်ပေးနိုင်တယ် ဘာလုပ်နိုင်လဲ အတူတူတွဲပြီးလုပ်ကြရအောင် နော်၊ တစ်ဆင့်စီ တစ်ဆင့်စီပေါ့ ကျွန်တော်တို့ ပြောနေတာက နောက်နှစ်မှာ ငြိမ်းချမ်းရေးရဖို့ ပြောတာ မဟုတ်ဘူး၊ နောက် ၅ နှစ် ၁၀ နှစ် ဒီ အချိန်မှာ တဖြည်းဖြည်း တဖြည်းဖြည်း မြန်မာပြည်က ငြိမ်းချမ်းရေးရရမယ်၊ ဘာကြောင့်လဲဆိုတော့ အိမ်နီးနားချင်းရှိတယ် ၊ တိုက်နေတာမှမဟုတ်တာ တိုးတက်တာပေါ့သူတို့။   ဥပမာ အားဖြင့် တိုက်နေတယ်ဗျာ၊ ဘယ်လိုလုပ် တိုးတက်မလဲ ဒါကို တပ်မတော်က လုပ်ရမှာ  ငြိမ်းချမ်းရေးကို ။

မေး။             ။ဒါပေမယ့်ဆရာ၊ ပြောကြတာပဲ တပ်မတော်ကလည်းပြောကြတာပဲ ၊သူတို့ကလည်း  ငြိမ်းချမ်းရေးရချင်တာပဲ၊ ငြိမ်းချမ်းရေးရဖို့အတွက် စိတ်ရင်းစေတနာမှန်ရမယ်လို့ မကြာခဏပြောတယ်၊ တပ်မတော်ခေါင်းဆောင်တွေကပေါ့ ။ ဆိုတဲ့အခါကျတော့ ဒီမှာဘာများ လစ်ဟာနေသလဲ၊ ဘယ်လိုများ အခက်အခဲ ရှိနေသလဲခင်ဗျာ့ ။

ဖြေ။              ။ အဲ့ဒီဟာပြောရင် တစ်ခါထဲ မီးခိုးကြွက်လျှောက်။ သိတယ်မဟုတ်လား။ အဲ့ဒါကြောင့် မပြောတော့ဘူးဗျာ ၊ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ ကျွန်တော်တို့ အနေနဲ့က လွယ်လွယ်ကူုကူလေးကြည့်လိုက်တာနော်၊ NLD ကဘာလုပ်နိုင်လဲ အကြံဉာဏ်ပေးနိုင်တယ် ဒီဟာပဲ ဗျ ၊ အမိန့်ပေးလို့ မရဘူး NLD က တပ်မတော်က ဟိုဘက်သွား ဒီဘက်သွားလုပ်လို့ မရဘူး ၊ ဘတ်ဂျက်တောင်မှ တော်တော် ပြဿနာတက်နေတာ ဟုတ်တယ်မှတ်လား NLD ကအမိန့်ပေးလို့ မရဘူး အဲဒီတော့ မင်းတို့ အချင်းချင်း ဖြစ်ဦးမှာပဲ ။

မေး။             ။အဲ့ဒီတော့ ဆရာ အခုလည်းလုပ်နေကြတာပဲဆိုတော့။

ဖြေ။              ။ အခုဘာလုပ်လဲ

မေး။             ။ဆွေးနွေးနေကြတာပဲ။

ဖြေ ။             ။ဆွေးနွေးတာပဲ၊ ဆွေးနွေးတော့ cease-fire ၊ Nation wide cease-fire  ဘယ်လောက် အောင်မြင်သလဲ၊ ဘယ်လိုနေကြရလဲ ကျွန်တော်လည်း မသိဘူး။    ။

(မဇ္စျိမ)

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

Mizzima Weekly