လယ်ယာမြေလျော်ကြေးပေးမှုအပေါ် မကျေနပ်သဖြင့် တောင်သူများ ဆန္ဒထုတ်ဖော်

လယ်ယာမြေလျော်ကြေးပေးမှုအပေါ် မကျေနပ်သဖြင့် တောင်သူများ ဆန္ဒထုတ်ဖော်

မကွေး၊ စက်တင်ဘာ ၆ ။          ။ မကွေးတိုင်းဒေသကြီးမင်းဘူးမြို့၊ မန်းရေနံမြေဧရိယာအတွင်းရှိ လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးအပ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိသောကြောင့် စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက တောင်သူများ ဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒဖော်ထုတ်ရတာက ကျွန်တော်တို့တောင်သူတွေ ခံစားခဲ့ရတာတွေကို အများပြည်သူနဲ့ သက်ဆိုင် ရာတွေသိအောင် ဖော်ထုတ်တာဖြစ်ပါတယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်သူအဖြစ်ပါဝင်ခဲ့သော မင်းဘူးမြို့နယ်၊ အောက်ကျောင်းကျေးရွာမှ ဦးစန်းအောင်က ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံတောင်သူ ၆ဝခန့် ပါဝင်ခဲ့ပြီး မန်းရေနံမြေသိမ်းဆည်းမြေအားလုံး လျော်ကြေးပေး ရေး၊ မြေနှင့်သီးနှံလျော်ကြေးမပြတ်မခြင်း၊ ရေနံတွင်းများ နယ်နိမိတ်သတ်မှတ်စိုက်ထူခြင်းများ မပြုလုပ်ရ၊ မန်း ရေနံမြေမှ စွန့်လွတ်မည့်မြေများအား မြို့နယ်မြေစာရင်းဦးစီးဌာနက ပုံစံခွန်အမြန်ပြုလုပ်ရန်စသည့် ဗီနိင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ မန်းရေနံမြေစုပေါင်းရုံးရှေ့နှင့် မြို့နယ်မြေစာရင်းဌာနရုံးရှေ့တို့တွင် ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

“မန်းရေနံမြေဟာ ၁၉၆၉ ခုနှစ်မှာ ရောက်ရှိပြီး တောင်သူတွေရဲ့ လယ်ယာမြေပေါ်မှာ ရေနံတူးဖော်တာ ဖြစ်ပါ တယ်။ ဒါကလည်း ၁၉၅၃-၁၉၆၃ခုနှစ် လယ်ယာမြေဥပဒေအရ ခွင့်ပြုခဲ့ကြတာပါ။ နောက် ၂၀၁၂ခုနှစ် လယ်ယာ မြေဥပဒေအသစ်အရ တောင်သူတွေဟာ ကိုယ်ရဲ့လယ်ယာမြေကို ပြန်လည်တောင်းဆိုခွင့် ရှိခဲ့ပါတယ်။ ဒေသခံ တောင်သူတွေက ပြန်လည်ပေးအပ်ခွင့် တောင်းဆိုတင်ပြခဲ့တဲ့အတွက် ၂၀၁၆ခုနှစ်မတ်လ ၁၈ရက်နေ့မှာ တောင်သူဦးရေ ၈ဝဝခန့်ကို လျော်ကြေးငွေပေးအပ်ခဲ့ပါတယ်။ အမှန်တကယ်လယ်ယာမြေပိုင်ဆိုင်တဲ့တောင်သူ ၁၀၀ ကျော်ရဲ့ အမည်စာရင်းမပါခဲ့ပါဘူး။ မြေစာရင်းဌာနရုံးရဲ့ မရိုးသားမှုတွေကြောင့် အမှန်တကယ် မြေယာ ပိုင်ရှင်တွေ နစ်နာခဲ့ရပါတယ်။ မြေယာမရှိသူကို နာမည်တွေထည့်ပြီး ငွေထုတ်ပေးတယ်။ ဒါကိုအထက် အဆင့် ဆင့်ကို တင်ပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ အမှန်တကယ်ပိုင်ဆိုင်တဲ့တောင်သူတွေ လျော်ကြေးငွေမရခဲ့ဘူး ဒါကြောင့် အခုလိုဆန္ဒဖော်ထုတ်ရတာပါ” ဟု ဦးစန်းအောင်က ဆက်ပြောသည်။

လယ်ယာမြေလျော်ကြေးများ ပေးအပ်ရာတွင် ရေနံတွင်းတစ်တွင်းအတွက် လယ်ဧက ၁.၉၂ဧက သိမ်းယူကာ လျော်ကြေးအဖြစ် ၁.၆၉ ဧကသာ ပေးလျော်ခဲ့ကြောင်း ၊ လျော်ကြေးငွေပေးလျော်ရာတွင်လည်း ကြန့်ကြာမှုများ ရှိနေကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

ယခုပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုကို သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ မင်းဘူးခရိုင်ရဲတပ်ဖွဲ့ရုံး၌ ခွင့်ပြုမိန့် လျှောက်ထား၍ ကြွေးကြော်သံတို့ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly