မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့်များ ပိတ်ပင်ခံထားရဆဲဟု ကလေးစစ်သားဟောင်း အောင်ကိုထွေးပြော

မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့်များ ပိတ်ပင်ခံထားရဆဲဟု ကလေးစစ်သားဟောင်း အောင်ကိုထွေးပြော
ဓာတ်ပုံ - သူရ(မဇ္စျိမ)

ရန်ကုန်၊ စက်တင်ဘာ ၆ ။          ။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များကို ပိတ်ပင်ခံထားရဆဲဖြစ်သည်ဟု နိုင်ငံတော် အကြည် ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော ကလေးစစ်သားဟောင်း အောင်ကိုထွေးကပြောဆိုလိုက်သည်။

“လွတ်မြောက်တာကတော့ သိပ်ပြီးခံစားချက်ထူးထူးခြားခြားမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီကနေ့အချိန်အထိကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေက ပိတ်ပင်ခံထားရတယ်။ ကျွန်တော်တို့နိုင်ငံမှာ” ဟု ၎င်းကဆိုသည်။

ပြစ်ဒဏ်ကျခံပြီးနောက် စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာစဉ် ကလေးစစ်သား ဟောင်း အောင်ကိုထွေးမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ဆယ်စုနှစ်ကျော်ကျော်နေခဲ့ရပေမယ့် ကျွန်တော်တို့နိုင်ငံဟာလည်း အတူတူပဲ။ ထောင်ကျ နေတာပဲ။ အပြင်မှာနေတာလည်းထောင် ကျနေတာ ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူး။ အခုအချိန်အထိမရှိဘူး။ ထောင်ထဲနေတာလည်း ဒီအတိုင်းပဲ” ဟု ၎င်းက ဆိုသည်။

အောင်ကိုထွေးသည် ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့် ဘဝအတွေ့အကြုံအကြောင်းကို RFA သတင်းဌာနသို့ဖြေဆိုခဲ့သည့်အင်တာဗျူးကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင် က တရားလိုပြုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်သည်။

ကလေးစစ်သားဟောင်း အောင်ကိုထွေးအား ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ မတ် ၂၈ ရက်က ပုဒ်မ- ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အဆိုပါပုဒ်မဖြင့် တရားရင်ဆိုင်နေရစဉ် တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ ဖြင့် ထောင်ဒဏ် ခြောက်လ ထပ်မံ ချမှတ်ခံခဲ့ရ ခြင်း ဖြစ်သည်။

ထို့အပြင် ကိုအောင်ကိုထွေးကို ဝန်းရံခဲ့ကြသည့် အစ်မဖြစ်သူ မနေဇာထွန်း အပါအဝင်သုံးဦးကိုလည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှု တို့ဖြင့် တရားစွဲဆိုထားသည့်အတွက် အင်းစိန်ထောင်တွင်ပဲ ထိန်းသိမ်းခံထားရ ဆဲ လည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly