စက်တင်ဘာ ၄ ။ ။ အီးယူကနေ ဗြိတိန် နုတ်ထွက်မှု (Brexit) နဲ့ပတ်သက်လို့ အရေးကြီးတဲ့ ပါလီမန် မဲခွဲမှုတစ်ခုကို ယမန်နေ့က ပြုလုပ်ခဲ့ရာမှာတော့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရှုံးနိမ့်သွားခဲ့ပါတယ်။
ယခု မဲခွဲဆုံးဖြတ်မှုမှာ ၎င်းရဲ့ ကွန်ဆာတေးဗစ် ပါတီတွင်းက အမတ်တစ်ချို့ကလည်း ဝန်ကြီးချုပ် ဂျွန်ဆင်ကို ဆန့်ကျင်မဲပေးခဲ့ကြတာဖြစ်တဲ့အတွက် ၎င်းအနေဲ့ ဝန်ကြီးချုပ် ရာထူး ယူပြီး သီတင်းပတ် ခြောက်ပတ်သာ ရှိသေးချိန်မှာ ကြီးမားတဲ့ ဆန့်ကျင်မှုတစ်ခုနဲ့ ကြုံလိုက်ရတာဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် ရွေးကောက်ပွဲတွေကို စောစော ကျင်းပရတော့မယ့် အခြေအနေနဲ့ ဝန်ကြီးချုပ် ဂျွန်ဆင် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ယခုအခါ အတိုက်အခံ ပါတီတွေက အမတ်တွေနဲ့ အာဏာရ ကွန်ဆာတေးဗစ်ပါတီတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်ကို ဆန့်ကျင်တဲ့ အမတ်တွေကတော့ သဘောတူညီချက် မပါဘဲ ဗြိတိန်ကို အီးယူကနေ နုတ်ထွက်စေမှုကို တားဆီးမယ့် ဥပဒေတစ်ရပ် ပြဌာန်းဖို့အတွက် ကနဦးအဆင့် ကြိုးပမ်းမှုမှာပဲ အနိုင်ရသွားခဲ့ပါတယ်။
စက်တင်ဘာ ၃ ရက် မဲခွဲဆုံးဖြတ်မှုမှာတော့ ထောက်ခံမဲ ၃၂၈ မဲ ကန့်ကွက်မဲ ၃၀၁ မဲ ရလဒ်ထွက်ပေါ်လာခဲ့တဲ့အတွက် အီးယူကနေ ဗြိတိန် နုတ်ထွက်မယ့် နေ့ကို နောက်ဆုတ် ရွှေ့ဆိုင်းဖို့ တောင်းဆိုမယ့် ဥပဒေမူကြမ်းတစ်ရပ်ကို ရှေ့ဆက်လုပ်သွားနိုင်ဖို့ ရှိနေပါတယ်။
ကွန်ဆာတေးဗစ် ပါတီက အမတ် ၂၁ ဦးကတော့ အတိုက်အခံ အမတ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ Brexit ကို သုံးလနောက်ဆုတ်ပြီး သဘောတူညီချက်မပါဘဲ အီးယူကနေ နုတ်ထွက်မှုကို တားဆီးနိုင်မယ့် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းခြင်း လုပ်ငန်းစဉ်ကို စတင်သွားကြဖို့ ရှိနေပါတယ်။