တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ကျန်းမာရေးဝန်ထမ်း မလုံလောက်သေးဟု ဆို

တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ကျန်းမာရေးဝန်ထမ်း မလုံလောက်သေးဟု ဆို
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ သြဂုတ် ၃၁ ။        ။ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ကျန်းမာရေးဝန်ထမ်း မလုံလောက်သေးဘူးဟု မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၏ ဥက္ကဋ္ဌဦးမျိုးသွင်က ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရန်ကုန်တိုင်းဒေသကြီး၏ စုံညီအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌမှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ အသင်းဝင်အင်အားက ငါးထောင်ကျော် ရှိတယ်။ ဝန်ကြီးဌာနထဲမှာဆို ကျန်းမာရေးမှူး ၂၇၀၀ ကျော်ခန့် ရှိတယ်။ ကျန်းမာရေးမှူးတွေက ဘယ်နေရာမှာ တာဝန်ထမ်းဆောင်လဲဆိုတော့ ဝေးလံခက်ခဲတဲ့ ဒေသတွေက ပြည်သူလူထုကို ပိုပြီးတော့ အာရုံစိုက်တယ်။ ကျန်းမာရေးနဲ့ဝန်ကြီးှဌာန ထဲမှာရှိတဲ့ ကျန်းမာရေး မှူးတွေက ကျေးလက်ကျန်းမာရေးဌာနလို့ခေါ်တဲ့ ဌာနတွေမှာ တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမယ့် ဝန်ထမ်း အနေနဲ့ရော ကျန်းမာရေးမှူးအနေနဲ့ရော ပြည်သူထူထုအားလုံး အတွက် လုံလောက်မှုမရှိသေးဘူး။ ဒါပေမယ့် လက်ရှိကျန်းမာရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့ အခြေအနေမှာတော့ ရှိတယ်'' ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌဦးမျိုးသွင်က ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတွင် တိုင်းနှင့်ပြည်နယ်တွင်း ၁၉နေရာအတွက် အင်အား ရဝဝဝကျော် ရှိသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ကျန်းမာရေး ဝန်ထမ်း လုံလောက်မှုမရှိသေးဘူးဟု ၄င်းက ပြောဆိုခဲ့သည်။

သို့သော်လည်း ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများကို အသင်းနှင့်ချိတ်ဆက်လုပ်ဆောင်နေသည်ဟု သိရပြီး ဝေးလံသည့် နာဂဒေသများတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုများကို လက်ရှိလုပ်ဆောင်နေသည်ထက် ဆက်လက် တိုးမြင့် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည်ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဒုဥက္ကဋ္ဌက ဆိုသည်။

''လက်လှမ်းမမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့နေရာတွေဆိုရင် ရန်ကုန်မြို့မှာတော့ မရှိနိုင်တော့ ဘူး။ လတ်တလောမှာတော့ နာဂတောင်တန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ခဲ့တယ်။ အဲ့ဒီမှာ သူတို့ အခက်အခဲတွေ လက်ရှိဖြစ်နေတဲ့ အနေအထားတွေပေါ့။ ဥပမာပြောရရင် သူတို့အိမ်လေးတွေက အပေါက် တစ်ခုပဲရှိပြီး အေးတော့ အလယ်မှာ မီးဖိုဖိုထားတယ်။ ဒီလိုအနေအထားမှာ တစ်ယောက်က တီဘီဖြစ်ရင် တစ်မိသားစုလုံးဖြစ်တာပေါ့။ ဒါကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုလည်း မပျက်ရအောင် ကျန်းမာရေးအတွက်လည်း အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့တယ်။ သူတို့ဘက်ကတော့ လက်ခံတဲ့ အတိုင်းအတာတစ်ခုထိ တွေ့ရ တယ်။ နောက်ပိုင်းမှာတော့ နာဂတောင်တန်းတွေအထိ ဒီထက်မက တိုးမြင့်ဆောင်ရွက်နိုင်ဖို့ အလားအလာတွေ ရှိပါတယ်'' ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒုဥက္ကဋ္ဌဦးမြသွင်က ပြောသည်။

ကျန်းမာရေးအသင်းတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရန် မဟာဗျူဟာငါးနှစ်စီမံကိန်းကို ရေးဆွဲထားပြီး လက်ရှိတွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးလုပ်ငန်း၊ အာဟာရလုပ်ငန်း၊ ရေနှင့်သန့်ရှင်းရေး လုပ်ငန်း၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်း စသည့် လုပ်ငန်းနယ်ပယ်ခြောက်ခုတွင် ပြည့်သူ့ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required