ရန်ကုန်၊ သြဂုတ် ၃၁ ။ ။ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)ကိုလာမည့် စက်တင်ဘာလတွင် စတင်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကမဇ္စျိမသို့ပြောသည်။
သန်လျင်တံတား အမှတ် -၁ ဘေးတွင်တည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား၏ တံတားချဉ်းကပ်လမ်းများကို ၂၀၁၉ ခုနှစ်ဆန်းပိုင်းကတည်းကပြင်ဆင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်းများကို ဆောင်ရွက်နေပြီဟု သိရသည်။
“အဓိကတံတားလည်း ဒီပွင့်လင်းရာသီမှာစပြီးလုပ်ကြတော့မှာလေ။ စက်ယန္တယားတွေ၊ ဒီဇိုင်းလဲပြီးပြီ။ ကန်ထရိုက်တာတွေလည်း ရွေးပြီးပြီ။ ဆိုတော့လုပ်ငန်းစဖို့ပဲကျန်တော့တယ်။ အခုမိုးရာသီဆိုတော့ နည်းနည်းလေး ဆိုင်းထားတယ်။ ဆက်ပြီးတော့ ဆောင်ရွက်မှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်အား ဂျပန်နိုင်ငံမှနေ၍ JICA President Award Commendation ဆုကို ရန်ကုန်မြို့ရှိ ဂျပန်သံရုံးတွင် သြဂုတ်လ ၃၀ ရက်နေ့ညပိုင်းချီးမြင့်ခဲ့ပြီး အဆိုပါ အခမ်း အနားတွင်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
သန်လျင်တံတား အမှတ်-၃ အား ဂျပန်နိုင်ငံ၏ ချေးငွေအမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် မြန်မာ နိုင်ငံဘက်မှ ထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း၊ စုစုပေါင်း ၃၂၃ ဒသမ ၂၀၆ သန်း အသုံးပြု တည် ဆောက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။
အဆိုပါ တံတား၏ အရှည်မှာ ၁,၉၂၈ မီတာရှိပြီး တံတားကိုယ်ထည်ကို Steel Box Grider နှင့် အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီး၏ ခံနိုင်ဝန်အားကို ၇၅ တန် သတ်မှတ် ထားကြောင်း သိရသည်။
ထို့အပြင် ဂျပန်နိုင်ငံ၏အကူအညီဖြင့်သန်လျင်မြို့မှ သီလဝါအထူးစီးပွားရေးဇုန်အထိကို လေးလမ်းသွားအဖြစ် အဆင့်မြင့်တင်နေသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“မြို့ထဲကနေ သီလဝါဘက် ရေကြောင်းသိပ္ပံဝင်တဲ့လမ်းအထိ၊ သီလဝါစက်မှုဇုန်အဝင်နားအထိပေါ့လေ။ ၈ ကီလိုမီတာကျော်လောက် ရှိပါတယ်။ လမ်းကလေးလမ်းသွားလုပ်မယ်။ အခုနက လျှပ်စစ်လိုင်းတွေ၊ တယ်လီ ဖုန်းလိုင်းတွေ အကုန်မြေအောက်ပို့မယ်။ အဲ့တာလည်း ဂျပန်နိုင်ငံအကူအညီပါပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။
သန်လျင်မြို့ထဲရှိ အဆိုပါလေးလမ်းသွားတစ်လျောက်တွင်ရှိနေသော လျှပ်စစ်ကြိုး၊ ဖုန်းကြိုးများအားလုံးကို လမ်းမကြီးများဘေးတွင် မြေအောက်ထဲသို့ထည့် သွင်းသည့်လုပ်ငန်းများကိုလည်းပြုလုပ်နေသည်ဟုသိရသည်။
ပဲခူးမြစ်ကူးတံတားစီမံကိန်းအတွက် ဂျပန်နှင့် မြန်မာနိုင်ငံတို့အကြား ချေးငွေသဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်နေ့က ချုပ်ဆိုခဲ့ခြင်းဖြစ်သည်