ပုသိမ်၊ သြဂုတ် ၃၀ ။ ။ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် တရားရင်ဆိုင်နေရသော တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အာမခံ လျှောက်ထားမှုကို လာမည့် စက်တင်ဘာ လေးရက်နေ့သို့ ပြန်ချိန်းဆိုလိုက်သည်။
"တရားရုံးက ဆေးစာနဲ့ ကျွမ်းကျင်သူကို ခေါ်စစ်ပြီးတော့မှ အာမခံအမိန့်ကို ချမယ်လို့ ပြောတယ်၊ကျွန်တော် တင်ပြတဲ့ဆေးစာတွေကို ထွက်ဆိုပေးနိုင်မဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သက်ဆိုင်ရာကျန်းမာရေးဌာနကနေ ခေါ်ယူပြီး စစ်ဆေးပေးဖို့လျှောက်တယ်”ဟု စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်သော တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်က ပြောသည်။
တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း၊ ဘိုကလေးမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစံမင်းအောင်အား တိုင်းဒေသကြီးလွှတ်တော် ဒုညွန်ကြားရေးမှူးဦးဇော်လင်းထွန်းက တိုင်းလွှတ်တော်တွင် အသုံးပြုရန် ကား ငါးစီးဝယ်ယူခဲ့မှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၀၉ အရဖြင့် တရားစွဲထားသည့်အမှု ဖြစ်သည်။
အမှုတွင် စွပ်စွဲခံရသူဘက်မှ အာမခံလျှောက်ထားမှုကို အာမခံ ပေး၊ မပေး လာမည့် စက်တင်ဘာ ၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။
ဦးစံမင်းအောင်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါနှင့်လိပ်ခေါင်းရောဂါများဖြင့် ပုသိမ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသဖြင့် ကျန်းမာရေးအာမခံ ရရှိရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
အမှုအား ပုသိမ်မြို့နယ်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် ၄၀၉ ဖြင့် တရားရုံးတွင် သြဂုတ် ၂၂ ရက်နေ့တွင် တရားစွဲဆိုတင်ပို့ခဲ့ခြင်း ဖြစ်သည်။