ယာဉ်နှင့်ပတ်သက်၍ အတုပြုလုပ်နေသော အဖွဲ့ကို ဖမ်းဆီး

ယာဉ်နှင့်ပတ်သက်၍ အတုပြုလုပ်နေသော အဖွဲ့ကို ဖမ်းဆီး
(ဓာတ်ပုံ၊မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)

မန္တလေး၊ သြဂုတ် ၃၀ ။         ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်ရှိ ကန်တော်မင်္ဂလာဘုန်းကြီးကျောင်းအတွင်း၌ မော်တော်ယာဉ်များနှင့် ပတ်သက်၍ အတုပြုလုပ်နေသော အဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

သြဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ် တန်ပိုဂိတ်တွင် ဘီးခွန် စစ်ဆေး ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ် အမှတ်- 9L/×××× ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဘီးခွန်မှာ အတုပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါတွေ့ရှိမှုအပေါ် စစ်မေးရာ ဘီးခွန်/ လိုင်စင်/ ဆက်စပ်ပစ္စည်းများနှင့် စာရွက်စာတမ်းပြုလုပ်သူမှာ ဦးဝင်းအောင်(ခ)ဦးဝင်းဖြစ်ကြောင်း သိရှိရ၍ ၇၈လမ်းနှင့် သာယာဝတီမင်းကြီးလမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်သို့ ချိန်းဆိုခဲ့ရာ ဦးဝင်းအောင်(ခ) ဦးဝင်းရောက်ရှိလာပြီး ၎င်း၏ လွယ်အိတ်အတွင်းမှ ဘီးခွန်စာရွက် (၆)ရွက်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်စာတမ်းပါ ပန်းရောင် စာရွက် (အလွတ်)၊ နောက်တွဲယာဉ် TRAILER မှတ်ပုံတင် သက်သေခံလက်မှတ်စာရွက်စာတမ်းပါ စာရွက် အလွတ်၊ ယာဉ်သက်သေခံ စတေကာ(၂)ရွက်၊ ခဲခြစ်စာရွက်(၁)ရွက်၊ ဟိုဆိုဂရမ်(ရောင်ပြန် စတေကာ)များ၊ အခြားဆက်စပ် စာရွက်စာတမ်းအတုများ တွေ့ရှိရသဖြင့် မြစ်ငယ်နယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက် အမှုမှတရားခံများအား ဆက်လက်စစ်မေးရာ ဆက်စပ်တရားခံများဖြစ်သော မိုးမခ(ခ)မိုးမင်း၊ မိုးမခညီ (ခ)မြတ်မင်းသော်တို့အား ၇၈လမ်းမပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် သက်သေခံစာရွက် စာတမ်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ သိမ်းဆည်းရမိသော သက်သေခံ ပစ္စည်းများသည် ပြည်ကြီး တံခွန် မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ ကန်တော်မင်္ဂလာဘုန်းကြီးကျောင်းမှရရှိကြောင်းသိရှိရသဖြင့် ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ပြည်ကြီးတံခွန် မြို့နယ်၊ ချမ်းမြသာယာ ရပ်ကွက်ရှိ ၎င်းကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ခိုင်ဇော်ထွန်း(ခ)ဖက်တီး၊ မျိုးသူရဇော် (ခ)မျိုးလေး နှင့် ကိုဝင်းထိန်(ခ) ဝင်းအောင်ကို တို့ (၃)ဦးတို့အား ဖောင်းကြွစာလုံးများဖြင့် ပြုလုပ်ထားသော မော်တော်ယာဉ် နံပါတ်ပြားများ၊ မော်တော်ယာဉ်နံပါတ်ပြားခဲသီးနတ်တိုင်များ၊ မြန်မာ့အာမခံလုပ်ငန်းတံဆိပ် အမှတ်အသားပါ စာအုပ်များ၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မျက်နှာဖုံးများ၊ ရောင်ပြန် စတစ်ကာ ကညနတံဆိပ်ပါ ရွှေရောင်ပြန်စတစ်ကာများ၊ မန္တလေး/ရန်ကုန် မြို့တော်စည်ပင်သာယာ ဘီးခွန်ကောက်တံဆိပ်ပါ စာရွက်များ၊ အခြားစာရွက်စာတမ်း အတုများ၊ အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သော ဦးဝင်းအောင်(ခ)ဦးဝင်း (၅၇)နှစ်အပါအဝင်(၈)ဦးအား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required