IDP စခန်းများ ပိတ်သိမ်းရေး စတင်လုပ်ဆောင်နေပြီဟု လူကယ်ပြန်ဝန်ကြီးပြော

IDP စခန်းများ ပိတ်သိမ်းရေး စတင်လုပ်ဆောင်နေပြီဟု လူကယ်ပြန်ဝန်ကြီးပြော

နေပြည်တော်၊ သြဂုတ်လ ၂၉၊ ။        ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသုံးပြုရန် မလိုအပ်တော့သည့် IDP စခန်းများကို စနစ်တကျ ပိတ်သိမ်းရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်သည်။

သြဂုတ် ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှ ပြန်လည်ထွက်ခွာလာချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ ပညာရှင်တွေရော၊ နိုင်ငံတကာပညာရှင်တွေရော၊  အဖွဲ့အစည်းပေါင်းစုံကနေပြီးတော့ စုပေါင်းပြီးတော့ ရေးဆွဲထားတဲ့မဟာဗျူဟာကြီးပေါ့ ။ အဲ့မဟာဗျူဟာကြီးက ပြီးသွားပြီ။ အဲ့ဒီမဟာဗျူဟာကြီးကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ဆက်လက် ကြိုးစားရမယ်။ အဲ့ဒီ ဆက်လက်ကြိုးစားဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ကြောင့် စနစ်ကျတဲ့ ပြန်လည်ထူထောင်ရေးတွေ ဖြစ်မယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

သို့ရာတွင် အဆိုပါစခန်းများအားလုံး ပိတ်သိမ်းရေးသည် လက်ရှိအစိုးရသက်တမ်းတွင် မဖြစ်နိုင်သေးကြောင်း နှင့် အပြီးသတ် ပိတ်သိမ်းနိုင်သောနေရာများတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောသည်။

 “တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကျွန်တော်က စီမံချက်ကြီး ရေးဆွဲပြီးသွားပြီ။ ဒီလိုပဲ အစီအစဉ်တွေ ဒီကာလအတွင်းမှာပဲ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေက မြန်မြန်ပဲ လုပ်တဲ့အတွက်ကြောင့်မို့လို့ ပြီးသွားပြီ။ ပြီးသွားတယ်ဆိုတာက ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရပ်စွန့်ခွာတဲ့သူတွေကို လိုအပ်သော အချိန်မှာ ဥပမာ ကချင်လို ၊ ရှမ်းမှာ စခန်းထားဖို့ လိုသေးရင် ထားမှာပေါ့။ မလိုအပ်တော့တဲ့အချိန်မှာ ကျွန်တော်တို့ ပြန်လည်ပိတ်သိမ်းနိုင်ဖို့အတွက်ကို စနစ်ကျသောပြန်လည်ပိတ်သိမ်းမှု၊ တကယ့်ကို ဒီ ခံစားရတဲ့ပြည်သူတွေ၊ ဒီဒုက္ခသည်တွေအတွက် တကယ့်ကိုတရားမျှတသော စနစ်ကျသော ပြန်လည်နေရာချမှု၊ စခန်းတွေ ပိတ်သိမ်းဖို့ အဲ့ဟာဖြစ်ဖို့အတွက်ဆိုပြီးတော့ ကျွန်တော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ပါတယ်” ဟု လူကယ်ပြန်ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

လက်ရှိတွင် IDP စခန်း အရေအတွက် မည်မျှ ရှိသည်ကို ဝန်ကြီးဌာနတွင် စာရင်း မရှိသေးကြောင်း သိရပြီး IDP စခန်းများသည် အရေးပေါ်ဖြစ်လာသည့် ပြသနာများတွင် တည်ဆောက်ရသည့်အတွက် အရေအတွက် ကိန်းဂဏန်းကို တိကျစွာ ပြောဆိုနိုင်ခြင်းမရှိကြောင်း ဝန်ကြီးပြောစကားများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လတ်တလော၌ တိုက်ပွဲများကြောင့် ရှမ်း/မြောက် နှင့် ရခိုင်တွင် စစ်ရှောင်စခန်းများ တိုးလာနေပြီး ကချင်တွင် IDP စခန်းများ ဆက်လက်ဖွင့်ထားရဆဲဖြစ်ကာ ရခိုင်တွင် ၂၀၁၂ ပဋိပက္ခကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများလည်း ဆက်လက်ဖွင့်ထားရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required