အနာဂတ်တွင် စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်များဖူလုံရေးအခြေအနေ လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

အနာဂတ်တွင် စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်များဖူလုံရေးအခြေအနေ လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

နေပြည်တော်၊ သြဂုတ်လ ၂၉၊ ။        ။ နိုင်ငံတော်အနေဖြင် လာမည့်အနာဂတ်ကာလမှာ စားနပ်ရိက္ခာဖူလုံရေး၊ ရေဖူလုံရေး၊ စွမ်းအင် ဖူလုံရေးအတွက် စီမံဆောင်ရွက်ထားမှု ရှိ၊ မရှိ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက မေးခွန်းထုတ်ခဲ့သည်။

ယနေ့ သြဂုတ် ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် က မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံခြားငွေကြေးလည်း များစွာ ကုန်ကျပါလိမ့်မယ်။ အရေးပေါ်အခြေအနေများဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်များ ကြုံခြင်း၊ ရေကြီးရေလျှံ၊ မိုးခေါင်၊ တိုက်ပွဲဖြစ်ပွားခြင်းတွေ ကြုံရပြီဆိုရင် ဒုက္ခ ရောက်နိုင်ပါတယ်။ ထို့အတူ အလုပ်အကိုင် ရှားပါးခြင်း၊ ဂေဟစနစ်၊ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးခြင်း၊ လူဦးရေ တိုးပွားခြင်း၊ တရားမဝင် နေရပ်ပြောင်းရွှေ့ခြင်း၊ ဆင်းရဲမှု ပြဿနာများလည်း အနာဂတ်မှာ ကြုံတွေ့ခံစားနိုင်ရပါတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

အဆိုပါမေးခွန်းအပေါ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စားနပ်ရိက္ခာနှင့် မွေးမြူရေးကဏ္ဍများတွင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖြေကြားသည်။

“ စားနပ်ရိက္ခာ ဖူလုံရေးအတွက် စျေးကွက်ဝင်သီးနှံတွေ၊ အရည်အသွေးနဲ့ အထွက်ကောင်းမျိုးတွေ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး ၊ ထုတ်လုပ်မှုနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်တွေ လုံလောက်စွာ ဖြန့်ဖြူပေးနိုင်ရေးအတွက် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်” ဟု စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

“ မွေးမြူရေးကဏ္ဍမှာလည်း အသားထုတ်လုပ်မှုအတွက် ကြက်၊ ဝက်၊ သိုး၊ ဆိတ် စတဲ့ တိရစ္ဆာန် မွေးမြူရေးတွေကိုလည်း ဖွံ့ဖြိုးတိုးတက်စေဖို့ အလေးပေးဆောင်ရွက်နေသလို မျိုးကောင်းမျိုးသန့် ထိန်းသိမ်းခြင်းနဲ့ မျိုးထုတ်လုပ်ခြင်းများအပြင် သားစပ်လုပ်ငန်းမြှင့်တင်ခြင်းတွေကိုလည်း ဆောင်ရွက်နေတယ်” ဟု စိုက်/မွေးဒုဝန်ကြီးက ဖြေဆိုခဲ့သည်။

သောက်သုံးရေနှင့်ပတ်သက်ပြီး  ၂၀၃၀ ခုနှစ်တွင် လူသားတိုင်းသန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိစေရန် ကျေးလက်ရေရရှိရေးမဟာဗျူဟာ နှင့် ရင်းနှီးမြှပ်နှံမှုအစီအစဉ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအစီအစဉ်အရ ၂၀၂၀ ခုနှစ်တွင် ကျေးလက်နေလူဦးရေ၏ ၇၀% ၊ ၂၀၁၅ ခုနှစ်တွင် ၈၅ %၊ ၂၀၃၀ ခုနှစ် တွင် ၁၀၀ % မျှော်မှန်းပြီး အခြေခံရေပေးရေးဝန်ဆောင်မှုကို ဆောင်ရွက်နေသည်ဟု ဆိုသည်။

စွမ်းအင်ကဏ္ဍအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီများဖြင့် အကျိုးတူ ပူးပေါင်းပြီး ပြည်တွင်းစွမ်းအင်ဖူလုံရေးအတွက် ဦးစားပေးဖြည့်ဆည်းသွားရန် ရှိကြောင်း၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများများဖြင့် စွမ်းအင်ပိုက်လိုင်းများကို ကွန်ယက်စီမံကိန်းများ၊ ရေနံချက်စက်ရုံစီမံကိန်းများကဲ့သို့သော ကာလရှည်စီမံကိန်းများ ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ဖြေဆိုသွားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ဒီမိုကရေစီ အသွင်အကူးအပြောင်းကာလတွင် ဆောင်ရွက်နေရဆဲ ကိစ္စရပ်များ ရှိနေပြီး ဒီမိုကရေစီ ရွေးကောက်ပွဲကာလသည်ပင်လျှင် ဒုတိယအကြိမ်သာ ပြီးစီးသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required