လှိုင်သာယာတွင် အလုပ်သမားအခွင့်ရေးအငြင်းပွားမှုများအတွက် အလုပ်သမားများ ဆန္ဒထုတ်ဖော်

လှိုင်သာယာတွင် အလုပ်သမားအခွင့်ရေးအငြင်းပွားမှုများအတွက် အလုပ်သမားများ ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ သြဂုတ်လ ၂၉ ။        ။ အလုပ်သမားအခွင့်အရေးအငြင်းပွားမှုများအတွက် ရန်ကုန်နှင့် ပဲခူးမြို့နယ်ရှိ IWFM အဖွဲ့ဝင် အခြေခံ အလုပ် သမားအဖွဲ့အစည်း ၅၀ ကျော်က သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီမှ မွန်းလွဲပိုင်းအထိ လှိုင်သာယာမြို့နယ် တွင်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" အလုပ်သမားကအလုပ်ပြန်လိုချင်တာ လျော်ကြေးလိုချင်တာမဟုတ်ပါဘူး။ အလုပ်ပြန်လည်ရလိုမူကို တိုင်ကြားတာကို အကျိုးစီးပွားအဖြစ်သတ်မှတ်ပေးပြီး ခုံသမာဓိအထိတက်ပေးပြီး တောင်းဆိုတာဖြစ်တယ်။ အငြင်း ပွားမှုဖြေရှင်းရာမှာ ဥပဒေမှာပါတဲ့ အငြင်းပွားမှုဖြေရှင်းရေးအဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့အညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ ကိုတောင်းဆိုတာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မူအလုပ်သမားများအဖွဲ့ချုပ်မှစည်းရုံးရေးမှူး ဦးမျိုးမင်းဝင်းက မီဒီယာများကိုပြောသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၏ အဖွဲ့ဝင် မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM မှ ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အငြင်းပွားမှုများဖြေရှင်းရာတွင် "အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေပါ အခွင့်အရေးဆိုင်ရာ အငြင်း ပွားမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက်အတိုင်း တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊  အလုပ်ပြန်ရလိုသည့်အတွက် တိုင်ကြားသည့်အငြင်းပွားမှုအား အကျိုးစီးပွားအဖြစ်အသိအမှတ်ပြု ဖြေရှင်း ပေးရေး၊မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ၊ အလုပ်သမားဦးစီးဌာနများမှ ဆောင်ရွက်မှုများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီပါက အစိုးရတာဝန်ရှိသူများ၊ ဝန်ကြီးဌာန တာဝန်ရှိသူများက လျှင်မြန်စွာ စည်းကြပ်တည့်မတ်ပေးရေး တို့ကိုကြွေးကြော်ကာ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

" ဘယ်လိုပုံစံနဲ့အလုပ်ထုတ်ထုတ် လျော်ကြေးပေးလို့ရတဲ့ဥပဒေက မရှိပါဘူး။အလုပ်သမားတွေသည် လုပ်ငန်း ခွင်မှာ အလုပ်ခံစားခွင့်ဆိုင်ရာ စာချုပ်ရှိတယ်။အကယ်လို့ထုတ်ခံရရင် မြို့နယ်ယန္တရားအရ မြို့နယ်အဆင့်အခြေခံ WCC နဲ့ဆွေးနွေးတယ်။ပြီးရင်မြို့နယ်အဆင့်မှဆွေးနွေးတယ်။ အခုလှိုင်သာယာမှာ အလုပ်ထုတ်မူတွေနဲ့ပတ်သက်ရင် အကျိုးစီးပွားလို့သတ်မှတ်ပြီး ခုံသမာဓိ ခုံကောင်စီကိုတင်ပေးတယ်။ အခုလက်ရှိနောက်ဆုံး တောင်းဆိုချက်မှာ ကျောက်တန်းမြို့နယ်မှာရှိတဲ့မြို့နယ်ဖျန်ဖြေရေး အဖွဲ့အနေနဲ့အလုပ်သမား အလုပ်ထုတ်ခံရမှုကို ဆုံးဖြတ်လိုက်တာသည် ဆုံးဖြတ်ပေးနိုင်မယ့် ပြင်ပတရားရုံးအစီရင်ခံခွင့်ရှိသော် သွားပါလို့ပြောလိုက်တဲ့ဆုံးဖြတ်ချက်သည် ကျွန်တော်အလုပ်သမားတွေရဲ့ နစ်နာမူဆုံးရှုံးမူတွေဖြစ်နေတယ် "ဟု ဦးမျိုးမင်းဝင်း က ထပ်မံပြောဆိုသည်။

ယခု လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ရာတွင် အလုပ်သမားအင်အား ၂၅၀၀ ကျော်ခန့်သည် လှိုင်သာယာ မြို့နယ်ရှိ ပန်းလှိုင်အိမ်ယာဆိုင်းဘုတ်နားမှ စတင်ကာ ယောအတွင်းဝန်ဦးဖိုးလှိုင်လမ်းထိပ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီး၊ (BOC) အဝိုင်း၊ ရန်ကုန်- ညောင်တုန်း လမ်းမကြီး၊ ရုံးရှေ့မှတ်တိုင်၊ အောင်ဇေယျအိမ်ယာရှေ့အထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly