ယခင်အစိုးရနဲ့ ကိုယ်စားလှယ်တွေက တိုင်းပြည်တိုးတက်အောင် လုပ်ခဲ့တယ်လို့ တပ်ကိုယ်စားလှယ် ပြော

ယခင်အစိုးရနဲ့ ကိုယ်စားလှယ်တွေက တိုင်းပြည်တိုးတက်အောင် လုပ်ခဲ့တယ်လို့ တပ်ကိုယ်စားလှယ် ပြော

နေပြည်တော်၊ သြဂုတ်လ ၂၈ ။           ။ ယခင်အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်သူဇာရွှေက ပြောပါတယ်။ ဒါ့အပြင် အဆိုပါ ဥပဒေနဲ့ပဲ တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပြီး လက်ရှိအစိုးရကို အာဏာလွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

မိတ္ထီလာမဲဆန္ဒနယ်က ဒေါက်တာမောင်သင်း အပါဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရာမှာ ပြောဆိုခဲ့တာပါ။

“လက်ရှိဖွဲ့စည်းပုံကြောင့် သမ္မတဦးထင်ကျော်၊ ဦးဝင်းမြင့်အစိုးရ၊ လွှတ်တော်နဲ့ ယခု လွှတ်တော်ဥက္ကဋ္ဌများ၊လစာ ဆယ်သိန်း လစဉ်ရနေတဲ့ လွှတ်တော်အမတ်များ တည်ရှိနေတာကို မမေ့ကြဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိ တည်ဆဲဥပဒေများကို တိကျစွာ လို်က်နာပြီး ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဥပဒေပြုလွှတ်တေ်ာအနေဖြင့် ဥပဒေများပြင်ဆင်ရာတွင် မည်သည့်ပါတီအဖွဲ့အစည်းက တင်သည်ဖြစ်စေ၊ လူမျိုးစွဲ ပုဂ္ဂိုလ်စွဲကင်းကာ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဒေါ်သူဇာရွှေက ပြောပါတယ်။

အဲ့ဒီ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅  ဦး ပူးပေါင်းကော်မတီအဖွဲ့တည်း တစ်ပါတည်း ထည့်သွင်းစိစစ်ခြင်းက ဥပဒေနဲ့ ညီညွတ်ခြင်းမရှိသလို နည်းလမ်းမကျ မသင့်တော်တဲ့ ကိစ္စဖြစ်တယ်လို့ ဗိုလ်မှူး ဒေါ်သူဇာရွှေက ဆက်ပြောပါတယ်။

အဲ့ဒီ ပူးပေါင်းပြင်ဆင်ရေး ၄၅ ဦးကော်မတီဟာ တစ်နိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသား ပြည်သူတွေ ကိုယ်စားပြုတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ အပါအဝင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တွေနဲ့ ပြည်ထောင်စု လွှတ်တော်က တရားဝင် ဖွဲ့စည်းပေးထားတဲ့ တရားဝင်အဖွဲ့အစည်းဖြစ်တယ်လို့ သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

“ပြည်သူကိုယ်စား ဆောင်ရွက်ပေးနိုင်တဲ့ ဒီအဖွဲ့ကို အတန်းမတူတဲ့အဖွဲ့၊ နိမ့်ကျတဲ့အဖွဲ့လို့ နိုင်ငံရေး ယဉ်ကျေးမှုအရ မပြောသင့်တာကို ဘယ်ပေတံ၊ ဘယ်လိုပုဒ်မတွေနဲ့ တိုင်းတာပြီး ပြောတယ်ဆိုတာကို စဉ်းစားလို့ မရပါဘူး။ ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အလျင်လိုနေတာ။ ခုမှ သိလာကြတာကို ကျေးဇူး အနည်းငယ်တင်ပါရစေ။ တကယ်တော့ ဒီဥပဒေ စတင်ပြဋ္ဌာန်းပြီးတင်ကတည်းက ပြင်ချင်ကြတယ်ဆိုတာ တိုင်းရင်းသားပြည်သူတွေရဲ့ လိုလားမျှော်လင့်ချက်၊ ခံစားချက်တွေကို ပြည်သူတွေနဲ့ အနီးကပ်ဆုံးမျှဝေခံစား နေရတဲ့ ကျွန်မတို့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ သိတာကြာလှပါပြီ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှု ပြီးဆုံးခဲဲ့ပြီးနောက် ကျန်ရှိတဲ့အစီအစဉ်များကို ဆက်လက်လုပ်ဆောင်မဲ့နေ့ရက်ကို ထပ်မံအသိပေးသွားမယ်လို့ လွှတ်တော်နာယကက ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များခန့်အပ်ရေး ပုဒ်မ ၂၆၁နှင့် ပတ်သက်ပြီး ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်သို့ တင်သွင်းထားပါတယ်။

ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော်အမတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းက တင်သွင်းရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့် လွှတ်တော်တွင်း ငါးရာခိုင်နှုန်းခဲ့သာ နေရာရထားတဲ့ ကြံံ့ခိုင်ရေးပါတီက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ရဲ့အင်အားကို ယူပြီး တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly