အိုင်စီတီပစ္စည်း နှင့် ပတ်သက်လျှင် အကောင်းကြိုက်မှု လျော့ချပေးရန် ကိုယ်စားလှယ် မေတ္တာရပ်ခံ

အိုင်စီတီပစ္စည်း နှင့် ပတ်သက်လျှင် အကောင်းကြိုက်မှု လျော့ချပေးရန် ကိုယ်စားလှယ် မေတ္တာရပ်ခံ
ဓာတ်ပုံ - ပြည်ထောင်စု လွှတ်တော်

နေပြည်တော်၊ သြဂုတ်လ ၂၈ ။           ။ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့ အစည်းများအနေဖြင့် အိုင်စီတီ ပစ္စည်းများနှင့်ပတ်သက်လျှင် အကောင်းကြိုက်မှု  လျှော့ချပေးရန် မန္တလေးတိုင်းဒေသကြီး မှ   ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုးက မေတ္တာရပ်ခံပြောကြားခဲ့သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်  လုပ်ငန်း လိုအပ်ချက်နှင့်  E Government  လုပ်ငန်းစဉ်များအတွက် ICT ဝယ်ယူခြင်းခေါင်းစဉ် အောက်တွင် ကွန်ပြူတာအလုံးပေါင်း ၂၆ဝဝဝကျော်၊လက်ပ်တော့ အလုံးပေါင်း  ၂၃ဝဝကျော်နှင့် မိတ္တူကူးစက်ပေါင်း ၂၁ဝဝကျော်ကို တောင်းခံထားပြီး၄င်းတို့၏  စုစုပေါင်းတန်ဖိုးငွေမှာ  ၄၁ဘီလီလျံကျော် ကျသင့်နေသည့်အတွက် ယခုကဲ့သိုု့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်  အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများ နှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဒေါက်တာလှမိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသုံးပြုရန် ရည်ရွယ်တောင်းခံသည့် လုပ်ငန်းများသည်  လက်တော့ပ်တစ်လုံးလျှင် ငါးသိန်းဝန်းကျင်ခန့် အသုံးပြုပါက အဆင်ပြေနိုင်သော်လည်း ၁၃သိန်းကျော် တန်ဖိုးရှိသည့် နောက်ဆုံး ပေါ်   Generation  များကို တောင်းခံထားသဖြင့်  လျော့ ချနိုင်ပါက  ဘီလီယံ ၂ဝခန့် နိုင်ငံတော်အတွက် သက်သာသွားမည်ဟု ဒေါက်တာလှမိုးက သုံးသပ်ပြောကြားသည်။

 “အကြံပြုလိုတာကတော့ နယ်ပယ်ပေါင်းစုံ လိုအပ်ချက်များပြားပြီး ဘဏ္ဍာငွေ စိစစ် သုံးစွဲရမယ့် ကာလမှာ အိုင်တီ ပစ(စ)ည်းတွေကို တင်ပြတောင်းခံ တဲ့နေရာမှာ ဌာနရှိစာရင်း နဲ့ လိုအပ်ချက်စိစစ်ပြီး အမှန်တကယ် လိုအပ်တာကိုသာ တင်ပြတောင်းခံပါရန်” ဟု ဒေါက်တာလှမိုးကပြောသည်။

အိုင်စီတီ ပစ္စည်းများနှင့်  ပတ်သက်လာလျှင်    ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့ အစည်းများအနေဖြင့် အကောင်းဆုံးများကိုသာ တင်ပြတောင်းခံခြင်းမပြုရန်၊ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမည့် ပစ္စည်းများကိုသာ တောင်းခံရန်၊  အရည်အသွေးတူ  လုပ်ဆောင်ချက်တူပါက စျေးနှုန်းသက်သာပြီး  အပိုပစ္စည်း စျေးပေါသောအရာများကိုသာ တင်ပြတောင်းခံရန် ၄င်းက ထောက်ပြဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly