လယ်သမားများကို ADB ချေးငွေထောက်ပံ့နိုင်ရန် ကွင်းဆင်းစစ်ဆေး

လယ်သမားများကို ADB ချေးငွေထောက်ပံ့နိုင်ရန် ကွင်းဆင်းစစ်ဆေး
ကြက်မျှား ကျေးရွာ ကွင်းအား ကြည့်ရှု့စစ်ဆေးနေစဉ်။  (ဓါတ်ပုံ-ဦးဝင်းလှိုင်)

မန္တလေး၊ သြဂုတ် ၂၈ ။         ။ တောင်သူလယ်သမားများကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ချေးငွေနှင့်ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ ဖူလုံရေး အစီအစဉ် (GAFSP) အထောက်အပံ့များ ပေးနိုင်ရန်အတွက် ကျေးရွာများသို့ ကွင်းဆင်း စစ် ဆေးမှုများပြုလုပ်နေကြောင်း စဉ့်ကိုင်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင်က ပြောသည်။

"နိုင်ငံတကာပညာရှင်တွေနဲ့ကျွန်တော်တို့တင်ပြထားတဲ့ကျေးရွာတွေကို ဖြစ်နိုင်ချေရှိမရှိ လာရောက် ကွင်းဆင်းတာ စိစစ်တာ။ကွင်းဆင်းစိစစ်ပြီးတော့မှ ဘယ်ရွာတွေက ဖြစ်နိုင်တယ်။အဲဒီတော့မှ ကျွန်တော်တို့က တစ်ခါတည်း သတ်မှတ်လိုက်မှာ။အတည်ပြုလိုက်မှာပေါ့။အခုကမြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး ဒါပထမအဆင့်ပေါ့နော်။ ကြေငြာလိုက်တာ။ဒါတွေကို တိုင်းအဆင့် ကို သြဂုတ်လ ၃၀ ရက်နေ့မှာ တင်ပြရမှာပါ။"ဟု ဦးဝင်းလှိုင်ကပြောသည်။

ယခုလို စာရင်းများကောက်ယူပြီးနောက် သတ်မှတ်အရည်အချင်းဖြင့် ပြည့်မီသည့် ကျေးရွာများကို စိုက်ပျိုး စရိတ်ချေးငွေများ၊မျိုးကောင်း မျိုးသန့်များ ထောက်ပ့ံပေးခြင်းများနှင့် ဆည်မြောင်းတမံများကို ပြုပြင် တည် ဆောက်ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

"အကျိုးအမြတ်တွေက ဘာခံစားရမလည်းဆိုရင် နံပါတ် တစ်အနေနဲ့ ငွေရေး ကြေးရေးနဲ့ပတ်သက်လို့ရှိရင် ADB တို့ ဒီအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားတဲ့ ဘဏ်တွေကနေပြီးတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေနဲ့အညီ ချေးငွေတွေရမယ်။နည်းပညာပိုင်းရမယ်။မျိုးစေ့တွေ ထုတ်ပေးမယ်ပေါ့။"ဟု ဦးဝင်းလှိုင်က ပြောသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဧည့်ကျကျေးရွာ၊ သပြေရိုးကျေးရွာ၊ စွန်ရဲကျေးရွာ ၊ရှမ်းကန်ကျေးရွာ၊ တောင်ရင်း ကျေးရွာ၊ မုန်သင်ကျေးရွာ၊ကြက်မျှားကျေးရွာနှင့်အုန်းလက်ကောက်ကျေးရွာစသည့် ကျေးရွာ ၁၅ ရွာမှ ဝင်ငွေ နည်းပါးကာ ဆင်းရဲနွမ်းပါးသည့် လယ်မြေ ငါးဧကအောက်ပိုင်ဆိုင်သည့် တောင်သူလယ်သမားများကို ကူညီ ထောက်ပ့ံပေးနိုင်ရန်အတွက် ဖြစ်နိုင်ချေရှိသည့် ကျေးရွာများကို ပဏာမ ကွင်းဆင်းစစ်ဆေး၍ စာရင်းများ ကောက်ယူခြင်းကို သြဂုတ်လ ၂၇ ရက်နေ့က စတင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်ငွေနည်းပါးပြီး ငါးဧကအောက် ပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် ယခုကဲ့သို့ ကူညီထောက်ပ့ံမည့် စီမံကိန်းကို ကြိုဆိုပြီး တောင်သူများဘဝမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဆို၍ လည်း ဝမ်းသာ ကြောင်း စွန်ရဲကျေးရွာမှ လယ်မြေ သုံးဧက ပိုင်ဆိုင်သည့် ဦးအေးကိုကဆိုသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly