စစ်ကိုင်းတွင် ကျောက်မျက်ရတနာ အရောင်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပ

စစ်ကိုင်းတွင် ကျောက်မျက်ရတနာ အရောင်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပ
ဓာတ်ပုံ - ဘုန်းနိုင်ဖြိဳး

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်း တွင် ပထမအကြိမ်ကျောက်မျက်ရတနာ အရောင်းပြပွဲ ဖွင့်ပွဲကို သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါပြပွဲကို စက်တင်ဘာလ ၁ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ကျောက်စိမ်း အတွဲပေါင်း ၂၀၀၀ ကျော်ကို ခင်းကျင်းရောင်းချလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းမှ သိရသည်။

''စစ်ကိုင်းမြို့နယ်က ကျောက်စိမ်းလုပ်ငန်းရှင်တွေဟာ မန္တလေးမြို့၊နေပြည်တော် ဖာကန့်မှာ သွားရောက် ဝယ်ရတယ်။ အဲလိုဝယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ အချိန်တွေများစွာပေးရတယ်။အခုစစ်ကိုင်းမှာ မြန်မာငွေနဲ့ရောင်းချတဲ့ ကျောက်စိမ်းပြပွဲမှာ ဝယ်ယူနိုင်တဲ့အတွက် အချိန်ကုန် ငွေကုန် သက်သာမယ်။ ကျောက်စိမ်းအတွဲ လော့နှစ်ထောင်ကျော်လောက်ကို ရွေးချယ်ပြီး ဝယ်ယူပိုင်ခွင့်ရရှိမှာပါ။''ဟု စစ်ကိုင်းတိုင်း ဒေသကြီး၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) မှ ဥက္ကဋ္ဌ ဦးအောင်ကြီးကပြောသည်။

ပထမအကြိမ်ကျင်းပသည့် ကျောက်မျက်ရတနာ အရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊မြန်မာနိုင်ငံ၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) မှ တာဝန်ရှိသူများ ၊စစ်ကိုင်း ခရိုင်၊မြို့နယ်များရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါပြပွဲကို ကျင်းပရခြင်းမှာ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူများ ကုန်ကြမ်း လွယ်ကူစွာရရှိစေရေး၊တိုင်းဒေသကြီးအစိုးရရန်ပုံငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များ အသင်း မှ သိရသည်။

ယခုကျင်းပသည့် ကျောက်မျက်ရတနာ အရောင်းပြပွဲကို သြဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ၆ ရက်တိုင် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ ကျင်းပပြုလုပ် သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required