သြဂုတ် ၂၅ ။ ။ အမေရိကန်နဲ့ အရှေ့တောင်အာရှ ဆယ်နိုင်ငံ တို့အကြား ပထမဆုံးသော ပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေကို လာမယ့် စက်တင်ဘာလမှာ လုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒါဟာ ၀ါရှင်တန်နဲ့ ပေကျင်းအကြား ဒေသမှာ သြဇာလွှမ်းမိုးနိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန် ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
၀ါရှင်တန်အနေနဲ့ကတော့ အစဉ်အလာအားဖြင့် အရှေ့တောင်အာရှမှာ လွှမ်းမိုးမှု အားကောင်းတဲ့ ရေတပ်အင်အား ဖြစ်ပါတယ်။
လက်ရှိမှာတော့ ယင်းနဲ့ တရုတ်အကြားက ကုန်သွယ်ရေး စစ်ပွဲကတော့ ကမ္ဘာ့ စီးပွားရေးအပေါ်မှာ ခြိမ်းခြောက်နေလျက် ရှိပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ “ အင်ဒို-ပစိဖိတ်” မဟာဗျူဟာကို တိုးမြှင့်ဖော်ဆောင်ရန်အလို့ငှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးဟာ ယခုလအစောပိုင်း အာဆီယံ ဆယ်နိုင်ငံနဲ့အကြား ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ထားခဲ့ပါတယ်။
အလားတူ အာဆီယံ နိုင်ငံတစ်ချို့နဲ့အကြား တောင်တရုတ်ပင်လယ် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားမှု ရှိနေလင့်ကစား တရုတ်တို့ကတော့ ယမန်နှစ်က ယင်းဒေသတွင်း အုပ်စုနဲ့အကြား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
ယခုအခါ လာမယ့် စက်တင်ဘာ ၂ ရက်ကျရင် အမေရိကန်နဲ့ အာဆီယံ ရေတပ်တွေအကြား အလားတူအတိုင်း စစ်ရေးလေ့ကျင့်မှာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အမေရိကန် သံရုံးက ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်မှာ ကြေညာသွားခဲ့ပါတယ်။