မိုးရေးဆန္ဒထုတ်ဖော်မှု ညှိနှိုင်းဆွေးနွေးနေ

မိုးရေးဆန္ဒထုတ်ဖော်မှု ညှိနှိုင်းဆွေးနွေးနေ

မုံရွာ။               ။ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုးရေးမြို့ မြန်မာ - အိန္ဒိယနယ်စပ်တွင် ကူကီးလူမျိုးများ ဦးဆောင်ပြီး နယ်ခြားစောင့်တပ်ကို နှစ်ရက်တာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နောက် လက်ရှိတွင် ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ကြောင်း မိုးရေးဒေသခံများထံက သိရသည်။

မြန်မာနို်င်ငံဘက်ကတင်ပို့သည့် ကုန်စည်များကို အိန္ဒိယနယ်ခြား စောင့်တပ်က တင်းကြပ်စွာ စစ်ဆေးသည့် အတွက် သြဂုတ်လ ၂၁ ရက်မှ ၂၂ ရက် ညပိုင်းအထိ ဒေသခံများက ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

“ စစ်တပ်က ကုန်စည်တွေကို တင်းကြပ်စွာ စစ်ဆေးလာတဲ့အတွက် ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အဆင်မပြေတော့ဘူးလို့ အင်ဖာအထိ သယ်ယူခွင့်ကို မဆိုလိုဘူး မိုရေးမြို့အထိတော့ လွတ်လွတ်လပ်လပ်သယ်ခွင့်ရချင်တယ် “ ဟု မိုရေးဒေသခံ ကူကီးလူမျိုး မနင်ဘွိုင်းက မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံကုန်သွယ်ရေးကို အိန္ဒိယဘက်က မကြာခဏဆိုသလို ပိတ်ဆို့မှုများရှိသည့်အတွက် ဒေသခံပြည်သူများယာဉ်မောင်းများနှင့် ကုန်တင်ကုန်ချ အလုပ်သမားများ အတွက် မကြာခဏဆိုသလို အခက်အခဲများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။

လက်တလောတွင် ဆန္ဒထုတ်ဖော်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်နှစ်ခုကို ပိတ်ထားသည့်အတွက် မြန်မာ ကုန်သည်များအပေါ် သက်ရောက်မှုများလည်း ရှိနေသည်။

အန္ဒိယနယ်စပ်ကုန်သွယ်ရေးအခန်းကဏ္ဍတွင် တမူး- မိုးရေး ကုန်သွယ်ရေးဂိတ်သည် ကုန်စည်စီးဆင်းမှုအများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကတင်ပို့ ကုန်စည် ပိုများကြောင်း နန်းဖာလုံစျေကော်မတီ ဥက္က႒က ဆိုသည်။

“တစ်ရက်တစ်ရက် မြန်မာပြည်ဘက်ကနေ တင်ပို့တဲ့ ကုန်စည်တွေဟာ များပြားတဲ့အတွက် တစ်ရက်မပို့ရရင် အများကြီး နစ်နာတယ်ပါတယ်။ အခုလို သူတို့ဆန္ဒပြတာတွေက သူတို့အတွက်လဲ ဟုတ်သလို ကျွန်တော်တို့အတွက်လဲ ပြပေးတယ်လို့ ပြောလို့ရတယ်” ဟု နန်းဖာလုံစျေး ကော်မတီဥက္ကဌ ဦးခင်မောင်ချိုက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြမှုဖြစ်ပွားနေသည့် မြန်မာ - အိန္ဒိယနယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံဘက်မှ ပဲမျိုးစုံ၊ကွမ်းသီး၊အုန်းသီး၊ မျောက်ငိုသီးနှင့် လူကုန်သုံးကုန်ပစ္စည်း များ တင်ပို့သည့် ဂိတ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly