မန္တလေး၊ သြဂုတ် ၂၃ ။ ။ မန္တလေးမြို့၏ သစ်ပင်ဒါယကာႀကီး ဦးငွေ အထိမ်းအမှတ် စုပေါင်း သစ်ပင်စိုက်ပွဲတော်ကို သြဂုတ်လ ၂၃ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်ဟု ဇာတိမာန် လူငယ်စာဖတ်အသင်း တည်ထောင်သူ ဦးနောင်(ရူပ)ကပြောသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်ကို ဇာတိမာန်လူငယ်စာဖတ်အသင်းနှင့် ရတနာပုံတက္ကသိုလ်(UCGA)တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သစ်ပင်ပူးပေါင်းစိုက်ပျိုးမည့်သူများသည် မန္တလေး စျေးချိုနာရီစင်တွင် လူစု၍ စက်ဘီများ၊ဆိုက္ကားများဖြင့် ရတနာပုံတက္ကသိုလ်သို့ သွားရောက် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။
"မန္တလေးတစ်မြို့လုံးကို ဆိုက္ကားတစ်စီးနဲ့ နွေ၊ မိုး၊ ဆောင်း နေ့စဉ် လှည့်လည် သစ်ပင်စိုက်ခဲ့တဲ့ ဦးငွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အရိပ်ရအပင်နဲ့သီးပင် စားပင်တွေ စုပေါင်း စိုက်ပျိုးကြတာပါ။"ဟု ဦးနောင်(ရူပ) ကပြောသည်။
မန္တလေးမြို့ရှိ အရိပ်ရ သစ်ရင့်သစ်ပင်အများစုသည် ဦးငွေ စိုက်ပျိုးခဲ့သောအပင်များဖြစ်ပြီး ထိုသို့ စိုက်ပျိုး ခဲ့ခြင်းကို မျိုးဆက်သစ်လူငယ်များ သိရှိစေရန်နှင့်မန္တလေးမြို့ကြီး အမြဲစိမ်းလန်းစိုပြေစေရန်အတွက် ယခုကဲ့သို့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
သစ်ပင်ဒါယကာ ဦးငွေကို အဘ ဦးစံညွှန့်၊အမိ ဒေါ်စံမှီတို့က ၁၂၇၆ခုနှစ်၊ပြာသိုလဆန်း ၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ဦးငွေသည် ဇနီးဖြစ်သူ ဒေါ်သိန်းငွေနှင့်အိမ်ထောင်ကျပြီး သမီးသုံးဦးနှင့် သားလေးဦး မွေးဖွား ခဲ့သည်။မန္တလေးမြို့၊၈၄လမ်းနှင့်၈၅လမ်းကြား၊၃၄လမ်းနှင့်၃၅လမ်းကြား ဦးလှသိန်း ဗိမ္မာန်အရှေ့ဘက် တောင် ကြယ်ခတ်ဝင်း အိမ်အမှတ် ၂၉၃/၁ရတွင်နေထိုင်ခဲ့ပြီး ဆိုက္ကားနင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းကာ မိသားစုတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ဦးငွေသည် ၁၃၁၄ခုနှစ်မှစတင်၍ ၃၅ (A)လမ်းတစ်လျှောက်၊ ဂေါဝိန်ဆိပ်ကမ်းဝန်းကျင်၊ မန္တလေးတောင် ဝန်းကျင်၊ ကျုံးတောင်ဘက်၊ကျုံးမြောက်ဘက်၊ရွှေကျီးမြင်ဘုရားဝန်းကျင်၊ရွှေတစ်ချောင်း တစ်လျှောက်၊ ဘုရားကြီး ဝန်းကျင် စသည့်နေများတွင် အရိပ်ရအပင်များ စိုက်ပျိုးခဲ့ကြောင်းသိရသည်။