“ ကားပါကင် ပါမစ် ပြဿနာ၊ အဓိပ္ပါယ်မဲ့တာတွေ ရပ်လိုက်ပါတော့”

“ ကားပါကင် ပါမစ် ပြဿနာ၊ အဓိပ္ပါယ်မဲ့တာတွေ ရပ်လိုက်ပါတော့”

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းကစ ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ တစ်ဦးချင်း ကားတင်သွင်းမယ်ဆိုရင် ကားထားစရာ ပါကင်တစ်ခု ပြသရမယ်ဆိုတဲ့ စည်းကမ်းချက် တစ်ခုကို ရန်ကုန် တိုင်း အစိုးရအဖွဲ့က ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေမှာတော့ ကားပါကင်နေရာ ရောင်းစားတဲ့ လုပ်စားကွက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး အခုဆိုရင် အဲဒီကားပါကင် ပါမစ်တစ်စောင် ကျပ် ၈ သိန်းဝန်းကျင် အထိ တောင် ဈေးပေါက်နေပါပြီ။ တကယ့်တကယ်ကျတော့ ကားပါကင် ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းကျော်ဟာ သူတို့ တင်ပြ ထားတဲ့ နေရာတွေမှာ ကားရပ်နားခြင်း မရှိပါ ဘူး။ ဒါကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင်က ဝန်ခံထားပြီး ဖြစ်ပါတယ်။ ဒါဆိုရင် အဲလို အဓိပ္ပါယ်မဲ့လှတဲ့ စည်းကမ်းချက်ကြီးကို ဘာလို့ မပယ်ဖျက်ပဲ ထားရတာလဲ၊ ဘာကြောင့် များလဲဆိုတာ ဒီကနေ့ ဝေဖန်ဆွေးနွေး သုံးသပ်သွားပါ့မယ်။

ဇာတ်လမ်း အစကတော့ ကားတင်သွင်းမှုတွေ များလာပြီး ရန်ကုန်မှာ ကားကြပ်လာတဲ့ ပြဿနာက စတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဗဟိုအစိုးရကရော၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကပါ ရန်ကုန်နေ ပြည်သူ လူထုကို အလွန်ဒုက္ခ ပေးနေတဲ့ အဲဒီကားကြပ်တဲ့ ပြဿနာကြီးကို လျော့ပါး သက်သာသွားအောင် ဖြေရှင်း မပေးနိုင်ကြပါဘူး။ ဆေးမြီးတို တွေ တစ်ခုပြီးတစ်ခု အကောင်အထည် ဖော်ရင်းနဲ့ လက်ရှိ ကားတင် သွင်းလာရင် ကားပါကင်နေရာ တင်ပြနိုင်ရမယ် ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ ပြောတာက တစ်ဦးချင်း ပါမစ်နဲ့ ကားတင်သွင်းတာတွေ များလာတယ်၊ အဲဒီကားတွေ ရန်ကုန်မှာပဲ စုပုံနေတယ်၊ ဒီအတွက် ကားပါကင်လိုအပ်မှု တစ်နေ့တစ်ခြား ကြီးလာနေ တယ်၊ ဒါကြောင့် ကားပါကင် ပြဿနာကိုလည်း တစ်စိတ်တစ်ပိုင်း ဖြေရှင်းပြီးသားဖြစ်အောင်၊ တစ်ပြိုင်နက်နည်း တင်သွင်းတဲ့ ကားအရည်အတွက် လျော့ကျအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အခုလို ကားတင်သွင်းမယ့် သူတွေဆီက ကားပါကင်နေရာ တင်ပြရမယ်ဆိုပြီး တောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရိုးရိုးတန်းတန်း စဉ်းစားကြည့်ပါ။ ဒီစည်းမျဉ်းအရဆိုရင် ကားပါကင်တစ်ခုခု ပိုင်ဆိုင်ထားသူ မဟုတ်ရင် အဲဒီလူ ကားတင်သွင်းခွင့်မရ၊ ကားစီးခွင့် မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခပ်တုံးတုံးတွေးရင် ကိုယ်ပိုင်ကား ဝယ်စီးနိုင်ဖို့ အရေး ကားပါကင်ထိုးနိုင်တဲ့ မြေကွက်တစ်ခုခု ဒါမှမဟုတ် ကားပါကင်ရှိတဲ့ လုံးချင်းအိမ် တစ်လုံးလုံးကို အရင် ဝယ်ယူ ပိုင်ဆိုင် နေထိုင်ဖို့ပဲ ရှိပါတယ်။ ပြည်သူတွေဟာ အရူးတွေ မဟုတ်တဲ့အတွက် အဲလို ဘယ်သူမှ မလုပ်ကြပါဘူး။ ဈေးကွက်ထဲက လူတွေကလည်း အဲလို ဘယ်သူမှ မတွေးပါဘူး။ ကားပါကင်ပြမှ ကားတင်သွင်းခွင့် ပေးမယ်လို့ တစ်ဖက်သတ် တစ်ချက်လွှတ် အမိန့်ထုတ်ထားလေတော့ ကားပါကင် ပါမစ် ဘယ်လိုရအောင်ယူမလဲ ဆိုတာကိုပဲ စဉ်းစားကြပါတော့တယ်။ ပါမစ် တင်ပြနိုင်ရင်ပြီးရော၊ ကားတင်သွင်းလာပြီးမှ အဲဒီနေရာမှာ ထားမထား၊ ဒါက နောက် ကိစ္စ၊ နောင်ခါလာ နောင်ခါဈေး သဘောထား လိုက်ကြတာပါ။ ဒီလိုနဲ့ ကားပါကင်ရှိကြောင်း ထောက်ခံပေးတဲ့ ပါမစ် ဈေးတွေဟာ နဂို ၂ သိန်း၊ ၃ သိန်းကနေ ၄ သိန်း ၅ သိန်း၊ အခု နောက်ဆုံး ကျပ် ၈ သိန်း ၈ သိန်းကျော်အထိ ဈေးပေါက်လာတာပါ။

ဒီလောက် ဈေးနှုန်း မြင့်တက်သွားတာကလည်း ပါမစ်တစ်စောင် အတည်ဖြစ်ဖို့အတွက် မူလကားပါကင် ရှိသူ ကို ပေးရတာက နည်းနည်း၊ ကားတင်သွင်းခွင့် လျောက်ထားသူဟာ အဲဒီပါကင်မှာပဲ တကယ် ကားကို ထားမယ်ဆို တာ ထောက်ခံပေးရတဲ့ အဆင့်ဆင့်သော သက်ဆိုင်ရာ အာဏာပိုင်တွေကို လာဘ်ငွေပေးရတာက များများနဲ့ အဲဒီ လောက်အထိ ဈေးနှုန်း မြင့်တက်သွားရတာပါ။ ပြောရရင် ရန်ကုန် တိုင်း အစိုးရအဖွဲ့ဝင်တွေဟာ အလိမ်အညာ ယန္တ ယားနဲ့ လာဘ်ပေးလာဘ်ယူ လုပ်ငန်းစဉ်ကြီး တစ်ခုကို ဖန်တီးပေးလိုက်တာပါ။ တကယ်လည်း အဲဒီလို ကားပါကင် ပြပြီး ကားသွင်းတဲ့လူတွေ ဘယ်သူမှ အပင်ပန်းခံပြီး အဲဒီပါကင်မှာ ကားသွားမထိုးပါဘူး။

ဒါပေမယ့်လည်း အာဏာရှင်စနစ်ကို အပြည့်အဝ အမွေဆက်ခံထားတဲ့ ရန်ကုန်တိုင်း အစိုးရဟာ သူတို့လုပ်ရပ် မှားတယ်ဆိုပြီး ဘယ်တော့မှ ဝန်မခံပါဘူး။ အခုလို သူတို့ စည်းကမ်းချက်အသစ် ထုတ်လိုက်လို့ အရင်က တစ်လ ကားဘယ်နှစ်စီး သွင်းတဲ့ဆီမှာ အခု ကားဘယ်နှစ်စီး လျော့ကျသွားတယ်ဆိုပြီး သူတို့လုပ်ရပ် မှန်သယောင်ယောင် မျက်စေ့မှိတ် ပြောဆို ဆင်ခြေပေးပါတယ်။ တကယ်တော့ အဲလို ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့် လျော့ကျသွားရတဲ့ ပြဿနာမှာ ကားပါကင် ပါမစ်ကြောင့် ကုန်ကျစားရိတ် ပိုများလာပြီး ဈေးပိုမြင့်လာတဲ့ အကြောင်းက အဓိက ဖြစ်မှာပါ။ ကားဈေးမြင့်ရင် ကားတင်သွင်းတာ လျော့ကျပါမယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်ထဲကို ကားတင်သွင်းတာ လျော့ကျစေချင်ရင် အဲလိုမဟုတ်က ဟုတ် က စည်းကမ်းတွေ မထုတ်ပဲလည်း လုပ်လို့ရပါတယ်။ နည်းနာ တစ်ခုကတော့ တစ်ဦးချင်း ကားတင်သွင်းမယ့် သူတွေ ကို လက်ရှိ ကောက်ခံနေတဲ့ အခွန်အခတွေအပြင် ရန်ကုန်မှာ ကားပါကင် တည်ဆောက်ရာမှာ သုံးဖို့ဆိုပြီး တစ်စီးကို ကျပ် ၅ သိန်း၊ ၁၀ သိန်း စသဖြင့် အတိအလင်းကောက်ခံ လို့ရပါတယ်။ အဲလိုလုပ်ရင် ကားတင်သွင်းသူတွေ သုံးရမယ့် ငွေ အစိုးရ ဘဏ္ဍာတိုက်ထဲ တကယ်ရောက်လာပြီး နောင် ကားပါကင် တည်ဆောက်ရေးလို ကိစ္စတွေမှာ တိုက်ရိုက် အသုံးပြုလို့ ရနိုင်ပါတယ်။ အဲလိုလုပ်ရင် အခွန်ပိုလာလို့ ကားတင်သွင်းတာ လျော့သွားမယ့်အပြင် ပြည်သူတွေလည်း စိတ်ချမ်းသာ နိုင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ပါကင်ပါမစ်ပြပြီး ကားတင်သွင်းလာတဲ့ သူတွေဟာ အဲဒီ နေရာတွေမှာ ကားသွားမထားတော့ ဝရမ်းပြေးတွေလိုလို၊ ဥပဒေ စည်းကမ်း ချိုးဖေါက်သူတွေလိုလို၊ မှောင်ခိုသမား တွေလိုလို ဘဝမျိုးကို ကျရောက်စေပါတယ်။

တကယ်တော့ ရန်ကုန်တိုင်းအစိုးရနဲ့ ဗဟိုအစိုးရက လုပ်နေတဲ့ လုပ်ရပ်တွေထဲမှာ အခု ကားပါကင်ကိစ္စလိုပဲ အခြား အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်တွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာ အခုလုပ်ကိုင်နေကြတဲ့ တစ်ဦးချင်းပါမစ်နဲ့ ကားသွင်းတယ် ဆိုတာကလည်း မည်ကာမတ္တပဲ ဖြစ်ပါတယ်။ တကယ်တန်း အဲဒီလုပ်ငန်း လုပ်နေကြတာ ပွဲစားတွေနဲ့ ကုမ္ပဏီတွေပါ။ ကားစီးချင်တဲ့ ဘယ်ပြည်သူကမှ သူ့ကားတစ်စီး တင်သွင်းဖို့ဆိုပြီး လျောက်လွှာတင်တာက အစ၊ ပြည်ပနဲ့ ချိတ်ဆက်တာက အလယ်၊ အခွန်ကိစ္စ ဖြေရှင်းတာအဆုံး လုပ်နေကြတာ မဟုတ်ပါဘူး။ ဒါကိုလည်း အစိုးရ ရော အားလုံးကပါ သိနေကြပါတယ်။

ဒါပေမယ့်လည်း အဲဒီ အဓိပ္ပါယ်မဲ့ လက်တွေ့မကျတဲ့ လုပ်ငန်းတွေကိုပဲ ဆက်ပြီး ဖက်တွယ် လုပ်ကိုင်နေကြပါသေးတယ်။ ဒီလို လုပ်နေကြတာကို ကြည့်ခြင်းအားဖြင့် ကားတင်သွင်းခွင့်နဲ့ ပတ်သက်ရင် ဗဟိုရော၊ ရန်ကုန်တိုင်း အစိုးရမှာပါ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ပေါ်လစီ တစ်ရပ်ရပ် ရှိမနေတာ၊ အဂတိ လိုက်စားလိုတာ၊ အလွယ်လမ်း လိုက်လိုတာ၊ အရည်အချင်းမဲ့တာ စတာတွေကို ပြသနေ တာပဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags