လူငယ်တွေ နိုင်ငံရေးလုပ်ရမှာ မကြောက်ဖို့ သူရဦးရွှေမန်း တိုက်တွန်း

လူငယ်တွေ နိုင်ငံရေးလုပ်ရမှာ မကြောက်ဖို့ သူရဦးရွှေမန်း တိုက်တွန်း
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ်လ ၁၇ ။        ။ လက်ရှိအချိန်ထိ နိုင်ငံရေးလှုပ်ရှားမှုများ၌ ဖမ်းဆီးခံရမှုများ ရှိနေသေးသော်လည်း လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်ရာတွင် မကြောက်ရန် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားလိုက်သည်။

လူငယ်နှင့်နိုင်ငံအရေး ရန်ကုန်လူငယ်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြည်ထောင်စုကောင်းကျိုးဆောင််ပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အိမ်တွင် သြဂုတ်လ ၁ရရက်နေ့က ပြုလုပ်ခဲ့သည်။

“လူငယ်တွေကို နိုင်ငံရေးမှာ ပိုပြီး စိတ်ဝင်စားစေချင်တယ်။ နိုင်ငံအရေးမှာ စိတ်ဝင်စားပြီးတော့ နိုင်ငံကောင်း အောင် ပြည်သူတွေကောင်းအောင် အမြဲတမ်းကြိုးစား ထမ်းဆောင်ဖို့ ပြောချင်တယ်။ နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့။ ဒါဟာ နိုင်ငံသားများတိုင်းရဲ့ အခွင့့်အရေးတစ်ခု ဖြစ်ပါတယ်။ အဲ့တာကို ကောင်းကောင်း အသုံးချပါလို့ပဲ ပြောချင်ပါတယ်။”ဟု သူရဦးရွှေမန်းက ပြောသည်။

လက်ရှိအချိန်အထိ နိုင်ငံရေးလှုပ်ရှားမှုများတွင် လူငယ်များအနေဖြင့် ဖမ်းဆီးခံရခြင်းများ ရှိနေသေးသော်လည်း နိုင်ငံရေးလုပ်ဖို့ မကြောက်ရန် သူရဦးရွှေမန်းက ဆွေးနွေးပွဲအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီခေတ်တွင် တာဝန်ယူမှု တာဝန်ခံမှု အပြင် တာဝန်ကျေမှုကအဓိကကျကြောင်း လူမှန်နေရာမှန် တာဝန်ပေးရွေးချယ်ခြင်းက အရေးကြီးကြောင်းပြောကြားခဲ့သည်။

 “ပါတီ အာဏာရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ရှံူးသည်ဖြစ်စေ၊ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးစီးပွားကို ကြည့်ပြီး ဆောင်ရွက်မှာ ဖြစ်ပြီး ရွေးချယ်မှုကတော့ ပြည်သူများရဲ့ ရွေးချယ်မှုသာ ဖြစ်တယ်။ရွေးချယ်တဲ့အခါ လူကိုလည်း ကြည့်ရမယ်၊ မူကိုလည်း ကြည့်ရမှာ ဖြစ်ပြီး ခေါင်းဆောင်အဆင့်ဆင့် ကို စဉ်းစားဖို့လိုတယ်။ ခေါင်းဆောင်မှုပိုင်းကိုလည်း သူ့ရဲ့ ဉာဏ်ပညာတွေနဲ့ ပေါင်းစပ်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။”ဟု သူရဦးရွှေမန်းက ပြောသည်။

ယခုဆွေးနွေးပွဲတွင် စတုတ္ထစက်မှုတွေလှန်ရေးမှာ ဘယ်သူတွေကို အားပြုဖို့လိုသလဲ၊ လူငယ်များရဲ့ မျှော်လင့်ချက်က ဘာလဲ၊ လူငယ်များရဲ့ စိန်ခေါ်မှုနှင့် အခွင့်အလမ်းတွေက ဘာတွေလဲ၊ လူငယ်တွေ နိုင်ငံအရေးအရာကိစ္စတွေမှာ ဘယ်လိုပါဝင်သင့်လဲဆိုသည့် ခေါင်းစဉ်တို့ဖြင့် နယ်ပယ်အသီးသီးက လူငယ် ၁၅ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required