၂၀၁၈-၁၉ ရာသီ UEFA အကောင်းဆုံဘောလုံးသမားဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုနဲ့ ဗန်ဒိုက်တို့ ပါဝင်

၂၀၁၈-၁၉ ရာသီ UEFA အကောင်းဆုံဘောလုံးသမားဆုအတွက် ဆန်ခါတင် သုံးဦးစာရင်းမှာ မက်ဆီ၊ စီရော်နယ်လ်ဒိုနဲ့ ဗန်ဒိုက်တို့ ပါဝင်
Photo: UEFA

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီအတွက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် သုံးဦး စာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ရာ မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဗန်ဒိုက်တို့ ပါဝင်ခဲ့ပါတယ်။

UEFA ဟာ အကောင်းဆုံးဘောလုံးဆုအတွက် ဆန်ခါတင်သုံးဦးကို ရွေးချယ်ရာမှာတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်အသင်း (၈၀)မှ နည်းပြတွေ၊ အဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံ (၅၅)နိုင်ငံမှ ဂျာနယ်လစ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပါတယ်။

အဆိုပါရွေးချယ်သူတွေကို European Sports Media (ESM)က ရွေးချယ်တာပါ။

နည်းပြတွေနဲ့ ဂျာနယ်လစ်တွေဟာ ကစားသမား သုံးဦးစီ ရွေးချယ်ရပြီး ပထမအဖြစ် ရွေးချယ်သူကို ငါးမှတ်၊ ဒုတိယအဖြစ် ရွေးချယ်သူကို သုံးမှတ်၊ တတိယအဖြစ် ရွေးချယ်သူကို တစ်မှတ်ပေးပြီး အမှတ်အများဆုံးရရှိတဲ့ ကစားသမား သုံးကို ဆန်ခါတင်အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နည်းပြတွေအနေနဲ့တော့ သူတို့ရဲ့ အသင်းက ကစားသမားတွေကို မဲပေးရွေးချယ်ပိုင်ခွင့်မရှိပါဘူး။

UEFA ရဲ့ အကောင်းဆုံးဘောလုံသမားဆု ချီးမြှင့်ပွဲကို သြဂုတ် ၂၉ ရက်မှာ မိုနာကိုမြိုကမှာ ပြုလုပ်မယ့် ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲအခမ်းအနားမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် UEFA က အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တဲ့ UEFA ရဲ့ အကောင်းဆုံးကစားသမားဆုကို မက်ဆီက ပထမဆုံးရရှိသူဖြစ်ပြီး စီရော်နယ်လ်ဒိုကတော့ ဒီဆုကို အကြိမ်အများဆုံးအဖြစ် ၂၀၁၄၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဆွတ်ခူးထားပါတယ်။

လက်ရှိ UEFA ရဲ့ အကောင်းဆုံးဘောလုံးသမားဆုရှင်က ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား မိုဒရစ်ဖြစ်ပါတယ်။

တစ်ရာသီအတွင်း နေရာလိုက် အကောင်းဆုံးကစားတွေကို ချီးမြှင့်ပေးအပ်မယ့် ဆန်ခါတင် စာရင်းများ - 
ဂိုးသမား - အယ်လီဆန်၊ လိုရစ်၊ စတီဂန်
နောက်တန်း - အာနိုးလ်၊ ဒီလစ်၊ ဗန်ဒိုက်
အလယ်တန်း - ဒီယွန်း၊ အဲရစ်ဆင်၊ ဟန်ဒါဆန်
ရှေ့တန်း - မက်ဆီ၊ စီရော်နယ်ဒို၊ မာနေး

အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု ဆန်ခါတင် (၃)ဦး
လူစီဘရွန့်ဇ် (အင်္ဂလန်)၊ ဟက်ဂျာဘတ် (နော်ဝေ)၊ ဟင်နရီ (ပြင်သစ်)

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly