ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ
photo - ဦးလွင်

အောက်တိုဘာလ ၁၃ ရက် ။           ။ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Recovery Forum) တစ်ရပ် နေပြည်တော်၌ ကျင်းပပြီး အနာဂါတ်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ တုန့်ပြန်နိုင်သော ပြန်လည်ထူထောင် ရေး မူဘောင်တစ်ရပ် ဖော်ထုတ်ရန် ရည်ရွယ်သည်ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။

ရေဘေးနှင့် မြေပြိုဘေး ကာလအလွန် လိုအပ်ချက်လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်ရန် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ JICA နှင့် အခြားအဖွဲ့အစည်းများမှ နည်းပညာဆိုင်ရာအကြံပြုချက်များကိုလည်း လက်ခံရရှိထားပြီး မူလအခြေအနေထက်သာလွန်စေရန်လည်း ကတိပြုထားပြီးဖြစ်သည်ဟုဆိုသည်။

“မကြာသေးခင်က ကျွန်တော်တို့အစိုးရအနေနဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် မည်သူမျှ မကျန်ခဲ့စေရနဲ့ မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြည်လည်ထူထောင်ပေးရမည်ဟူသောမူ များကို ကတိပြုခဲ့ပါတယ်။“ ဟု  အောက်တိုဘာလ ၁၃ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို (၂) တွင် ကျင်းပသည့် နှီးနှောဖလှယ်ပွဲ (Recovery Forum) ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေဘေးနှင့် မြေပြိုဘေးအလွန် လိုအပ်ချက်များ လေ့လာဆန်းစစ်ခြင်း နောက်ဆုံးတွေ့ရှိချက်အရ   ရေကြီးမှုနှင့်မြေပြိုမှုကြောင့် ခန့်မှန်းဆုံးရှုံးမှုသည် ကနဦးသုံးသပ်တွက်ချက်မှုထက် ပိုမိုများပြားသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌလည်း ဖြစ်သည့် ဒုတိယသမ္မတ ပြောကြားခဲ့သည်။

ဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်းရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စံသတ်မှတ်ချက်များနှင့် အညီ စီမံချက်များရေး ဆွဲနိုင်ရန်လည်း ရည်ရွယ်ပြီး Recovery Forum ကို ကျင်းပခြင်းဖြစ်သည်။

Recovery Forum တွင် ကုလသမဂ္ဂအဖွ့ဲအစည်းများ၊ ကမ္ဘာ့ဘဏ်၊ အီးယူနှင့် အခြားပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့များမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် ရေးဘေးနှင့်မြေပြိုဘေးနှင့် ပတ်သက်၍ ရရှိထားသည့် အချက်အလက်များ၊ ဗဟိုအစိုးရမှ ရရှိထားသည့် အချက်အလက်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရမှ ရရှိသည့် အချက်အလက်များကို ပေါင်စပ်၍  သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကပြောသည်။   

နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ၊ JICA ၊ EU နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးတို့ ပူးပေါင်းကာ ဆန်းစစ်ချက် အစီရင်ခံစာကို ရေးဆွဲခဲ့သည်။

အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ UN၊ EU၊ JICA ၊ ကမ္ဘာ့ဘဏ်တို့မှ ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly