ပေကျင်း၊ အောက်တိုဘာ-၁၃ ။ ။ အမေရိကန်နှင့် ရုရှတို့အနေဖြင့် ဆီးရီးယားစစ်ပွဲကို လုံးဝကိုယ်စားလှယ်စစ်ပွဲအဖြစ်သို့ အသွင်ပြောင်းလာစေရန် ခွင့်မပြုသင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက အောက်တိုဘာ ၁၃ရက်နေ့တွင် ပြောကြားလိုက်ပြီး မော်စကိုနှင့် ဝါရှင်တန်ကိုလည်း ခေတ်မမီတော့သည့် စစ်အေးခတ် သဘောထားများကို ကိုင်စွဲထားသည့်အတွက် ပြစ်တင်ဝေဖန်လိုက်သည်။
အတိုက်အခံများကို ကျောထောက်နောက်ခံပေးနေသည့် အမေရိကန်နှင့် ဆီးရီးယားသမ္မတ ဘာရှား အာဆတ်ကို စစ်အင်အားဖြင့် ကူညီနေသည့် ရုရှတို့နှင့် တစ်ဘာသာကွဲလျှက် ပေကျင်းက နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းခြင်းသာလျှင် စစ်ပွဲကို အဆုံးသတ်စေမည့် တစ်ခုတည်းသောနည်းလမ်း အဖြစ်ယုံကြည်ကြောင်း နိုင်ငံပိုင် People’s Daily သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ရေးသားခဲ့သည်။
‘ဆီးရီးယားဟာ အပြစ်မဲ့ပြည်သူ မြောက်များစွာ ဒုက္ခခံစားနေရတာကို မျက်ဝါးထင်ထင် ကြုံခဲ့ရပြီးပါပြီ။ နိုင်ငံရေးအရ ဖြေရှင်းမှုသာလျှင် ဆီးရီးယားပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ တစ်ခုတည်းသောအဖြေပါ’ဟု အယ်ဒီတာ့အာဘော်တွင် ပြောကြားထားသည်။
အမေရိကန်ပြည်ထောင်စုနှင့် ယခင်ဆိုဗီယက်ယူနီယံတို့မှာ အခြားနိုင်ငံများအပေါ် ၎င်းတို့၏ သြဇာကို ချဲ့ထွင်ရန်အတွက် သံတမန်၊ စီးပွားရေးနှင့် စစ်ရေးနည်းလမ်းများကို အသုံးပြုခဲ့ကြရာ ထိုသဘောတရားမှာ ၂၀ရာစုတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်ဟု သတင်းစာတွင် ရေးသားထားသည်။
‘ကမ္ဘာကြီးက ၂၁ရာစုထဲကို ဝင်ရောက်လာပြီဆိုတော့ လူတွေရဲ့ အတွေးအခေါ်တွေဟာလည်း ၂၁ရာစုနဲ့ အညီပြောင်းလဲသင့်ပါတယ်။ ပြည်သူတွေအနေနဲ့ ဆီးရီးယားစစ်ပွဲကို လုံးဝကိုယ်စားလှယ်စစ်ပွဲအဖြစ် အသွင်ပြောင်းသွားခွင့်မပြုသင့်ပါဘူး။ ဒါမှမဟုတ် ဆီးရီးယားအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာဖို့ လက်လျှော့လိုက်မလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆီးရီးယား လူ့ဒုက္ခအကျပ်အတည်းကို ရေရှည်ဖြစ်တည်ခွင့်မပြုနိုင်ပါဘူး’’ဟုလည်း အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။