ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် ပါဝင်နေသည့် ပုဂ္ဂလိကပိုင်မြေအချို့ကို ညှိနှိုင်း လျှော်ကြေးပေးမည်

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် ပါဝင်နေသည့် ပုဂ္ဂလိကပိုင်မြေအချို့ကို ညှိနှိုင်း လျှော်ကြေးပေးမည်

ရန်ကုန်၊ သြဂုတ်လ ၅ ။          ။ ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းတွင် ပါဝင်နေသည့် ပုဂ္ဂလိကပိုင်မြေအချို့ကို ညှိနှိုင်း လျှော်ကြေးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင်ယာရေးကော်မတီနှင့် မီဒီယာများ တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန် မြို့တော်ဝန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြေကတော့ စည်ပင်သာယာမြေ ဖြစ်တယ်။ အကောင်ထည်ဖော်မှာက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနက လုပ်မယ်။ လက်ရှိအခြေအနေ ကတော့ စပြီးတိုင်းနေပါပြီ။ တိုင်းတဲ့နေရာမှာ နည်းနည်းလေး တိတိကျကျ လိုပါ တယ်။ တစ်ချို့နေရာတွေမှာ ဌာနဆိုင်ရာ မြေတွေပါလာမယ်။ နောက်ပုဂ္ဂလိက အိမ်တွေ ပါလာမယ်၊ဒါကို တိတိ ကျကျလေး ပြဌာန်း မှဖြစ်မယ်။ အခုလောလောဆယ်တော့ တိုင်းနေတုန်းပါ”ဟု ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်မည့် ရန်ကုန်မိုးပျံ ရထားလမ်းပိုင်းကို JICA  အဖွဲ့မှ ဦးစီးဆောင်ရွက်နေခြင်း ဖြစ်ပြီး ရထားဘူတာ ၁၃ ဘူတာအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ ယူရမယ့်ဧရိယာကိုပြဌာန်းပြီးတော့ ဒါကို အကြောင်းကြားရမယ်၊ ဒီနယ်မြေထဲမှာ မရောက်ဘဲနဲ့ အတိမ်း အ စောင်းဖြစ်ပြီးတော့ ကျဉ်းသွားတာက အရေးမကြီးဘူး။ ကျယ်သွားပြီးတော့ ပုဂ္ဂလိကရဲ့ မြေကိုသွားထိရင် မလိုလား အပ်ဘဲနဲ့ အခက်ခဲတွေ ဖြစ်နိုင်တယ်ဆိုတာပါ။ အဲဒါကို ဘယ်သူက လုပ်မလဲဆိုရင် JICA အဖွဲ့ ကပါ ။ သတ်မှတ်ပေးမှာက ပို့ဆောင်ဆက်သွယ်ရေးကပါ။ သူတို့သတ်မှတ်တဲ့လိုင်းပေါ်မှာ ကျွန်တော်တို့ စည်ပင် သာယာက စလုပ်ပါမယ်။ သူတို့ရဲ့ မြေလျော်ကြေးပေါ့။ မြေလျော်ကြေးလည်း ပြောရမယ်၊နားလည် အောင်လည်း ပြောရမယ်။ ဒါသည် မြေသိမ်းတာလည်းမဟုတ်ဘူး။ နှစ်ထပ်လမ်း ဆောက်ဖို့အတွက် ဒါဟာ အခြေခံပါ “ ဟု ဦးမောင်မောင်စိုးက ဆက်ပြောသည်။

အဆိုပါစီမံကိန်းတွင် ရန်ကုန် အနောက်ပိုင်းရှိ လှိုင်သာယာနှင့် ရန်ကုန်အရှေ့ပိုင်းရှိ တောင်ဒဂုံ မြို့နယ် တိုးကြောင်ကလေးဘူတာလမ်းပိုင်းကိုလည်းကောင်း ရန်ကုန်မြောက်ပိုင်းရှိ ဒလ မြို့နယ် - ဘူတာကြီး -မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်းကိုလည်းကောင်း စသဖြင့်လမ်းပိုင်းနှစ်ခုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန မှသိရသည်။

စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ( JICA) မှချေးငွေ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စတင်ကာ အသေးစိတ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လေ့လာမှုပြီးဆုံးမည်ဖြစ်ကြောင်း စီမံကိန်းအားလုံး ၂၀၃၅ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly