ကွမ်းယာစားသုံးမှုများမလျော့ချနိုင်ပါက လာမည့်၁ဝနှစ်အတွင်း ကျန်းမာရေးဘတ်ဂျက်၏ ၇၀ ရာခိုင်နှုန်း သုံးစွဲရမည်

ကွမ်းယာစားသုံးမှုများမလျော့ချနိုင်ပါက လာမည့်၁ဝနှစ်အတွင်း ကျန်းမာရေးဘတ်ဂျက်၏ ၇၀ ရာခိုင်နှုန်း သုံးစွဲရမည်

နေပြည်တော်၊ ဇူလိုင် ၃၁  ။            ။ လာမည့် ငါးနှစ်မှ ဆယ်နှစ်အတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးပါသည့် ကွမ်းယာစားသုံးမှုများကို မလျော့ချနိုင် ပါက ၄င်းတို့ကြောင့် ရရှိသည့်ရောဂါများကိုကုသရန် ကျန်းမာရေးဘက်ဂျက်၏ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ သုံးစွဲရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားသည်။

“အခုတောင်မှ ကျွန်တော်တို့ တော်တော်ကုန်ပါတယ်။ ဆေးလိပ်အတွက် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာရောဂါ အများကြီးပါပဲ ။ ဒါတွေကို ကျွန်တော်တို့က ပိုက်ဆံ တော်တေ်ာများ များသုံးနေရပါတယ်။  ဓာတ်ကင်တာကအစ အကုန်အကုန်ပါ။အဲ့တာတွေ အကုန်သုံးနေရပါတယ်”ဟု ဒေါက်တာမြင့်ထွေး က ပြောသည်။

ဇူလိုင်လ ၃၁ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာစားသုံးမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့်မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းခဲ့ပြီး ဒေါက်တာမြင့်ထွေးက ထောက်ခံကာ ပြန်လည်ရှင်းလင်းရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ထိန်းချုပ်လျှော့ချရေးအတွက်  မူဝါဒများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ရေးဆွဲသွားမည်ဖြစ်ကြောင်း ထို့အပြင် ၂၀၀၆ ခုနှစ်က ရေးဆွဲခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို ပြင်သင့် ပါက ပြင်ဆင်သွားမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးမှ သိရသည်။

“မူဝါဒများချမှတ်ရာမှာ ထိန်းချုပ်ရေးမူဝါဒများကို လေ့လာစောင့်ကြည့်ခြင်း၊ အများပြည်သူများအား ကွမ်းယာ နှင့်ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု စွန့်လွှတ်နိုင်ရန် ကူညီပေးခြင်း၊ ကွမ်းယာဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ် သတိပေးခြင်း အသိပညာပေးခြင်း၊ အသိ ပညာပေးရာမှာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်စေခြင်းများကို လုပ်ဆောင်သင့်ပါတယ်”ဟု  ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက အဆိုကိုထောက်ခံဆွေးနွေး ခဲ့သည်။

ယင်း အဆိုကို ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တေ်ာကိုယ်စားလှယ်  ကိုးဦးက ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့အပြင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်များသောက်သုံးမှုများပြားလာသောကြောင့် အဆိုပါ အရာများ အပေါ် အခွန်တိုးကောက်ကာ သုံးစွဲမှုနှုန်းလျော့ကျရေးအတွက်  စီစဉ်နေကြောင်း ဇွန်လ ၂၇ ရက်နေ့က မြန်မာ နိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်ယမကာများအပေါ် အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများ လွှတ်တော်ကိုယ်စားလှယ်များကို  ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ပြည်သူ့လွှတ်တေ်ာ၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းကပြောထားသည်။

မြန်မာနိုင်ငံတွင် ပြည်ပမှ ဗာဂျီးနီးယားဆေး တင်သွင်းမှုနှင့် ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်မှုသည် နှစ်စဉ် များပြား လျက်ရှိပြီး ဆေးပေါ့လိပ်အပါအဝင် ၊ ဆေးလိပ် နှစ်စဉ် ၁၂ဘီလီယံခန့် သုံးစွဲနေသည်ဟု ခန့်မှန်းထားကြ သည်။ တကမ္ဘာလုံးတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ် လူ ခုနစ်သန်းခန့် သေဆုံးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required