လွှတ်တော်အတွင်း တပ်မတော်သား ရာခိုင်နှုန်းလျော့ချထွက်ခွာပေးရန် မဖြစ်နိုင်သေးဟု ပြည်ခိုင်ဖြိုး အမတ်ဆို

လွှတ်တော်အတွင်း တပ်မတော်သား ရာခိုင်နှုန်းလျော့ချထွက်ခွာပေးရန် မဖြစ်နိုင်သေးဟု ပြည်ခိုင်ဖြိုး အမတ်ဆို

နေပြည်တော်၊ ဇူလိုင် ၃၀ ။          ။ လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်း  ရရှိထားသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်တွင်းမှ ရာခိုင်နှုန်းလျော့ချ ထွက်ခွာပေးရန် မဖြစ်နိုင်သေးကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် Transition Period (ပြောင်းလဲခါစ အပိုင်းအခြား) ဖြစ်ပြီး နုနယ်သေးကြောင်း အနောက်ကမ္ဘာ OIC ၊ UN စသည့်အဖွဲ့အစည်းများမှလည်း မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်ခြယ်လှယ်မှုများရှိနေ ကြောင်း ငြိမ်းချမ်းရေးမှာလည်း အပြီးသတ် မရရှိသေးသလို လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားမှာလည်း ကြောက်ခမန်းလိလိတိုးနေသည်ဟု သူကဆက်ပြောသည်။

“ဒီလိုအခြေအနေမျိုးမှာ တပ်မတော်ဟာ လွှတ်တော်ကနေ ရာခိုင်နှုန်းလျော့ချဖို့ရာ လုံးဝ ဆုတ်ခွာဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် တပ်မတော်သားကိုယ်စားလှယ် မဟုတ်ပေမယ့် ပြောနိုင်တာကတစ်ခုကတော့ တပ်မတော်ဟာ လွှတ်တော်မှာ သိပ်ပြီးပျော်နေလို့ ပါဝင်နေတာ မဟုတ်ဘူးဆိုတာပါပဲ” ဟု ဦးမောင်မြင့်က ပြောသည်။

မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်သည် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ တင်သွင်းခဲ့သည့် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်နှင့် ပယ်ဖျက်ရန် စသည့် အချက်ပေါင်း ၃၇၆၅ချက်ပါ အစီရင်ခံစာအပေါ် ဇူလိုင်လ (၃၀)ရက်နေ့က ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ် သည်။

အဆိုပါ အစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ(၁၄)၌ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ၏ အရေအတွက်ကို လွှတ်တော်သက်တမ်းအလိုက် လျော့ချရန် NLD ပါတီအပါအဝင် ပါတီသုံးခုက အကြံပြုထားသည်။ ထို့ပြင် ကျန်ပါတီအချို့ကလည်း တပ်မတော်ကို လွှတ်တော် အတွင်းမှ  ပယ်ဖျက်ပေးရန်အထိ တင်ပြထားကြောင်း သိရသည်။

ဦးမောင်မြင့်က ဆွေးနွေးရာတွင် အိမ်နီးချင်းထိုင်းနိုင်ငံကို ဥပမာပေးကာ ဆွေးနွေးခဲ့ပြီး ထိုင်းနိုင်ငံတွင် နိုင်ငံ၏ အမျိုးသားရေးလိုအပ်ချက်အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်မှုကို  ယခင်ကထက် ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည့် သင်ခန်းစာကိုယူရန် ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေး ပူးပေါင်းကေ်ာမတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဇူလိုင်လ ၃ဝရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း ကိုယ်စားလှယ် ၁၇ ဦးကဆွေးနွေးပြီးနောက် ကျန်ရှိသည့် ကိုယ်စားလှယ်များကို လာမည့် သြဂုတ်လ ၁ ရက်နေ့ တွင် ဆက်လက်ဆွေးနွေးရန်လျာထားကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly