ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများအတွက် ဂျပန်-မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည်

ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများအတွက် ဂျပန်-မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည်

ရန်ကုန် ၊ဇူလိုင် ၃ဝ ရက် ။          ။ ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများအတွက် ဂျပန်-မြန်မာ ကုန်စည်ပြပွဲ Japan - Myanmar  Resource, Trade & Investment Expo 2019 ကို လာမည့် အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲမှာ MSME လုပ်ငန်းတွေလည်းပါမယ်။ မြန်မာပြည်မှာရောက်နေတဲ့ ကုမ္ပဏီတွေလည်း ပါဝင်မယ်။ နောက်ပြီး တော့ ဂျပန်က ကုမ္ပဏီတစ်ချို့လည်းပါဝင်မယ်။ ဂျပန်ရိုးရာဓလေ့တွေကိုလည်း ခင်းကျင်းပြသသွားမှာ ဖြစ်တဲ့ အတွက် လက်ရှိစီးပွားရေးလုပ်ကိုင်နေတဲ့ လူငယ်တွေရော၊ ဝန်ထမ်းတွေရော၊ ကျောင်းသူကျောင်းသားတွေ ရော၊ ဂျပန်သွားပြီး အလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက်ပါ ဒီပွဲက အများကြီးအထောက်အကူပြုမှာ ဖြစ်ပါ တယ်” ဟု  ပွဲကျင်းပရေးတာဝန်ခံ SFI ကုမ္ပဏီ၏ စီအီးအို ဦးလင်းကျော်ထွန်းက ပြောသည်။

အဆိုပါကုန်စည်ပြပွဲတွင် ဘဏ်နှင့် အာမခံလုပ်ငန်း၊ ရိုးရာဓလေ့၊ ပညာရေး၊ အလုပ်အကိုင်၊ အိမ်ခြံမြေ၊ ခရီးသွား လုပ်ငန်း၊ MSME လုပ်ငန်းများ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုပြသသည့် ပြခန်းပေါင်း ၁၅ဝ ကျော်ပါဝင်မည်ဖြစ်ပြီး အစားအသောက်နှင့် ရိုးရာဓလေ့ပြခန်း ၁၅ ခန်းကျော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြပွဲလာရောက်သူများအနေဖြင့် ဂျပန်လုပ်ငန်းများနှင့် မိတ်ဆက်ခြင်း၊ လုပ်ငန်းများချိတ်ဆက်ခြင်း၊ လုပ်ငန်း သစ်များ လေ့လာခြင်းနှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် လိုအပ်နေသော အရည်အချင်းများကို လေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လာကြည့်တဲ့သူက ဂျပန်လူမျိုးဖြစ်ခဲ့ရင် မြန်မာပြည်မှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်လို့ရမလဲ။ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ သိပြီး သူတို့အတွက် အကျိုးရှိစေမှာပါ။ မြန်မာပြည် ဘက်ကလာပြီး ကြည့်တဲ့သူတွေအတွက်ဆိုရင် ဂျပန်ကုမ္ပဏီတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရလဲ။ ဂျပန်ကို မြန်မာပြည်က ထွက်ကုန်ပစ္စည်းတွေကို ဘယ်လိုတင်ပို့ရောင်းချလို့ ရမလဲ။ မြန်မာပြည်က ကျောင်း တွေနဲ့ ဂျပန်ပြည်က ကျောင်းတွေနဲ့ ဂျပန်ပြည်က ကျောင်းတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေလည်း အဲ့လိုပဲ။ နောက်ဆုံးစိုက်ပျိုးရေးလုပ်ငန်းအထိ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်သလဲ ဆိုတဲ့ အကြံဉာဏ်တွေ ရသွားမှာပါ”ဟု ပွဲဖြစ်မြောက်ရေးအကြီးတန်းအကြံပေး ဒေါက်တာနုနုယဉ်ကပြောသည်။

အဆိုပါဂျပန်မြန်မာကုန်စည်ပြပွဲကို Yangon Convention Centre တွင် အောက်တိုဘာလ ၁၉ရက်နှင့်၂ဝ ရက်နေ့များ၌ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ပြပွဲကိုလူပေါင်း တစ်သောင်းကျော်လာရောက်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly