ကံသာနှင့်ဖရဲကျွန်းကျေးရွာပဋိပက္ခဖြစ်စဉ်အတွက် အပြန်အလှန်အမှုဖွင့်

ကံသာနှင့်ဖရဲကျွန်းကျေးရွာပဋိပက္ခဖြစ်စဉ်အတွက် အပြန်အလှန်အမှုဖွင့်
ဓာတ်ပုံ စည်သူအောင်

မကွေး၊ဇူလိုင် ၂၉ ။              ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုရှိ ကံသာကျေးရွာနှင့် မာန်မြေကျေးရွာအုပ်စုမှ ဖရဲကျွန်းကျေးရွာတို့မှ ရွာသားများအကြား ဖြစ်ပွားခဲ့သော မြေနုကျွန်း နယ်မြေ အငြင်း ပွားမှုအတွက် အပြန်အလှန်အမှုဖွင့်ထားကြောင်း သိရသည်။

ဇူလိုင်၂၃ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် နှစ်ဘက်ရွာသားများအကြား လူအုပ်စုဖြင့်ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူသေဆုံး ပျောက်ဆုံးခဲ့မှုများဖြစ်ခဲ့သောကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီးတွင် အပြန်အလှန်အမှုဖွင့်ထားခြင်း ဖြစ်သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုများအတွက် ဖရဲကျွန်းကျေးရွာမှ ဦးသန်းဦးနှင့်ပါဝင်သူများကို ကံသာကျေးရွာမှ ဦးမောင်ဝင်းဆိုသူက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ရာ ရေနံချောင်းမြို့မရဲစခန်းမှ ပ/၃၂၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၂/၃၂၄/၄၂၇/၅၀၆/၁၁၄တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့အပြင် ကံသာကျေးရွာမှ ဦးမောင်ဝင်း၊ ကိုဝင်းဦးနှင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသန်း ဦးတို့အား လက်မှတ်ကုန်းနယ်မြေရဲစခန်းတွင် ဖရဲကျွန်းကျေးရွာမှ ဦးသန်းဦးဆိုသူက တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ပ/ ၉၁/၂၀၁၉ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၀၇/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဖက်ဒေသခံများက အပြန်အလှန်သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရမှလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ဇူလိုင်လ ၂၆ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ အလုပ်သမား ဝန်ကြီး ဦးမြင့်ဆွေကိုခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင်ကံသာကျေးရွာဘက်မှ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ဖရဲကျွန်းကျေးရွာမှ၂၆ဦးသေဆုံးကာ၊၁၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင်လ ၂၉ရက်နေ့တွင် ရရှိသော သတင်းအချက်အလက်များအရ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly