ဗဟန်းမြို့နယ်အတွင်း ခွေးအကောင်ရေ ၄၀၀ ကျော်ခန့် ရှင်းလင်းထား

ဗဟန်းမြို့နယ်အတွင်း ခွေးအကောင်ရေ ၄၀၀ ကျော်ခန့် ရှင်းလင်းထား
လသာမြို့နယ်တွင် ခွေးလေခွေးလွင့်များကို ဇွန်လ ၁၃ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးနေသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇူလိုင် ၂၉ ။           ။ ကလေးငယ်တစ်ဦးအား ခွေးဆွဲခံရမှု ဖြစ်ပွားခဲ့သော ဗဟန်းမြို့နယ်တွင် လမ်းဘေးခွေးရှင်းလင်းရေးစီမံချက်ဖြင့် ခွေးကောင်ရေ ၄၀၀ ခန့် ရှင်းလင်းထားကြောင်း ဗဟန်းမြို့နယ်၊ စည်ပင်ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ဗဟန်းမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာလမ်းတွင် ပိုင်ရှင်မရှိသော လမ်းဘေးခွေး ငါးကောင်မှ အသက် တစ်နှစ်နှင့် သုံးလအရွယ် ကလေးငယ်တစ်ဦးကို ဝိုင်းဝန်း ကိုက်ခဲခဲ့ခြင်း ဖြစ်သည်။

 “ကိုက်တဲ့ခွေးတွေကို ကျန်ခဲ့တဲ့ ၂၄ ရက်နေ့ က အကုန်လုံးကို ဖမ်းဆီးပြီးသွားပါပြီ။ ကလေးက အခြေအနေ ကောင်းပါတယ်။ အိမ်လည်း ပြန်ရောက်နေပါပြီ။ လိုအပ်တဲ့ကာကွယ်ဆေးတွေလည်း ဆက်ထိုးပေးပြီ၊ သူ့မိဘတွေက ကျန်တဲ့ဆေးတွေကို သွားထိုးပေးဖို့ သူမိဘတွေမှာ တာဝန်ရှိပါတယ်။ “ ဟု ဗဟန်းမြို့နယ်၊ စည်ပင်ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ဆိုသည်။

အဆိုပါ ခွေး ငါးကောင်အပါအဝင် ခွေးကောင်ရေ ၄၀၀ ကျော်ခန့်ကို ယခင်ကာလတည်းက ဖမ်းဆီးပြီး သန်လျင် သဘာဝတရားရိပ်သာသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ခွေး အကိုက်ခံခဲ့ရသည့် အဆိုပါကလေးငယ်၏ ခြေထောက်နှင့်လက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကင်းကလေးဆေးရုံတွင် အချိန် သုံးနာရီကျော်ကြာ ခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးဝင်းဗိုလ်က ပြောဆိုရာတွင် “ အစာမကျွေးတာကို ပူးပေါင်းစေချင်တယ်။ အခုက ထိုက်သင့်သလောက် ပူးပေါင်းမှုကို ရပါတယ်။ လမ်းဘေးခွေးတွေကို ဖမ်းပေးမယ်ဆို ယူပါတယ်။ သယ်သွားနိုင်ပါတယ်။ အခုက အန္တရာယ်ရှိနိုင်တဲ့အကောင်အရေအတွက် ရောက်လာလို့ ကွင်းဆင်းဖမ်းနေတာပါ” ဟု ထပ်မံပြောသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ တွက်ချက်မှုအရ နိုင်ငံတစ်ဝန်းတွင် ခွေးအကောင် ၃.၈ သန်း ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ခွေးကိုက်ခံရမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၉၀၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။

လမ်းဘေးခွေးများနှင့် ပတ်သက်ပြီး “ခေတ်အဆက်ဆက်က ခွေးတွေကို မထိန်းသိမ်းခဲ့တဲ့အတွက်ကြောင့် ရှိရမဲ့ဦးရေထက် အဆမတန်များနေတယ်။ အဲဒါကို နားလည်ပြီးတော့ ကူညီကြပါ “ ဟု ၎င်းစည်ပင်ဥက္ကဋ္ဌမှ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ခြောက်သန်းကျော်ရှိပြီး ပိုင်ရှင်မဲ့ ခွေးကောင်ရေ နှစ်သန်းကျော်ရှိသည်ဟု ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သည့် ပြည်သူလွှတ်တေ်ာအစည်းအဝေးတွင် ပြောသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required