ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်တို့အပေါ် အခွန်တိုးမြှင့်ကောက်ခံရန်စီစဉ်ခြင်းမှာ သုံးစွဲမှုကျစေချင်သော ကြောင့် ဟု ဆို

ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်တို့အပေါ် အခွန်တိုးမြှင့်ကောက်ခံရန်စီစဉ်ခြင်းမှာ သုံးစွဲမှုကျစေချင်သော ကြောင့် ဟု ဆို
Photo - EPA

နေပြည်တော်၊ ဇူလိုင် ၂၇ ။           ။ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်တို့အပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆောင်ရွက်နေခြင်းသည် အခွန်တိုးမြင့် ရလိုမှုကြောင့် မဟုတ်ဘဲ သုံးစွဲမှု ကျစေချင်သောကြောင့် ဖြစ်သည်ဟု  ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းကပြောသည်။

ဇူလိုင်လ ၂၇ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင်  ကျင်းပပြုလုပ်ခဲ့သည့်  မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်ယမကာများအပေါ် အခွန်အကောက်ဆိုင်ရာ လုပ်ငန်း များကို လွှတ်တော်ကိုယ်စားလှယ်များအား  ရှင်းလင်းတင်ပြသည့်  အခမ်းအနားခေတ္တရပ်နားချိန်တွင် ယင်းက ပြောခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့်ကတော့အန္တရာယ်ရှိတဲ့ ဆေးရွက်ကြီး၊ဆေးလိပ်နဲ့အရက်စသဖြင့် သုံးစွဲတဲ့နှုန်းကို ကျစေချင်တဲ့ အတွက် ကျွန်တော်တို့က အခွန်တိုးမြှင့်ဖို့ကြိုးစားနေခြင်းဖြစ်တယ်။ ဒါကလည်း နိုင်ငံတကာအတွေ့အကြုံအရ ဆေးလိပ်နဲ့ဆေးရွက်ကြီးကိုအခွန်အကောက်တိုးမြှင့်ခြင်း၊ အရက်များ ကိုအခွန်အကောက်တိုးမြှင့်ခြင်းကြောင့် သုံးစွဲတဲ့သူတွေကျဆင်းလာတယ်ဆိုတဲ့ နမူနာကိုယူပြီး  ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလို ဆောင် ရွက်တဲ့အခါ ထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုး ရှိတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သွားချင်သလောက် သွားလို့မရသေးဘူး” ဟု ဒေါက်တာစံရွှေဝင်း က မီဒီယာများကို ပြောသည်။

ကမ္ဘောဒီယားနိုင်ငံတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်အရက်များအပေါ် အခွန် ၂ဝဝရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံခဲ့သောကြောင့်  သုံးစွဲသူ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည့် ဥပမာများရှိသောကြောင့် မြန်မာ နိုင်ငံတွင်လည်း အဆိုပါ အခွန်များကို တိုးမြှင့်ပါကသောက်သုံးမှုနှုန်း ကျဆင်းမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာစံရွှေဝင်းက ဆိုသည်။

 “ပြည်သူလူထုရဲ့ အသိပညာနဲ့ လည်း အများကြီး ဆိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ကြိုးစား ဆောင်ရွက် နေဆဲဖြစ်တယ်။ ဘယ်တော့လဲဆိုတာတော့ မဖြေနိုင်သေးပါဘူး။ အဓိကအခက်အခဲက အကြောင်းအမျိုးမျိုးရှိတာပေါ့။ဒါတွေကိုတိုးကောက်လိုက်ရင် အလုပ်အကိုင်တွေ လျော့ပါးသွားမယ်။ နဂိုကတည်းကမှအလုပ်အကိုင်တွေနည်းနေရတဲ့ကြားထဲ အခွန်တိုးလိုက်လို့ ထုတ်ကုန်တွေကျဆင်းသွားရင် အလုပ်လုပ်တဲ့သူတွေနည်းသွားမယ်။ အခွန်ကောက် တအားတိုးလိုက်ရင် နိုင်ငံရေးအရ ထိခိုက်မယ် စသည်ဖြင့်ပေါ့။အများကြီးရှိပါတယ်” ဟုလည်း ဒေါက်တာ စံရွှေဝင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်   ၂၀၁၄ခုနှစ်က ကောက်ယူထားသည့်   Step Survey အရ အသက် ၂၅နှစ်မှ ၆၄နှစ်အတွင်း ကွမ်းယာစားသုံးမှုသည်  အာဆီယံနိုင်ငံတွင်းတွင်  အမြင့်မားဆုံးဖြစ်ပြီး ၄၃.၂ ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်း သားအရွယ် အသက် ၁၃နှစ်မှ ၁၅နှစ်အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုသည်  ၂၀၀၇ ခုနှစ်တွင်  ၄.၉ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၆ခုနှစ်တွင်  ၇.၃ ရာခိုင်နှုန်းအထိတိုးတက်လာကြောင်း သိရသည်။ထို့အပြင် အသက်၁၅နှစ်မှ ၁၉နှစ်အကြား  လူငယ်များတွင်  အရက်အလွန်အကျွံသောက်သုံးမှုသည် အာဆီယံနိုင်ငံများ နှင့် တန်းတူအနေအထားရှိနေသည်ဟု အဆိုပါစစ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required