ရေနံချောင်း မြေနုကျွန်း ပဋိပက္ခဖြစ်စဉ်ကို တိုင်းအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စစ်ဆေးနေ

ရေနံချောင်း မြေနုကျွန်း ပဋိပက္ခဖြစ်စဉ်ကို တိုင်းအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စစ်ဆေးနေ

မကွေး၊ ဇူလိုင် ၂၇ ။        ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် စက်လှေတိမ်းမှောက်ပြီးနောက် ဖြစ်ပွားခဲ့သော လူ ၃၀ ဦးခန့် သေဆုံးခဲ့သည့် ပဋိပက္ခဖြစ်စဉ်အသေးစိတ်ကို ၁၀ ရက်အတွင်း စုံစမ်းစစ်ဆေးတင်ပြရန် တိုင်းအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေကို အဖွဲ့ခေါင်းဆောင်အဖြစ် တိုင်းဝန်ကြီးချုပ်က တာဝန်ပေးလိုက်သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ပဋိပက္ခဖြစ်စဉ်အသေးစိတ်အား စုံစမ်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များနှင့်တကွ လာမည့် သြဂုတ် ငါးရက်နေ့အရောက် အမြန်ပြန်လည်တင်ပြရန် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောဆိုထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်နေ့၊ ညနေ သုံးနာရီဆယ်ငါးမိနစ်ခန့်က ဖြစ်ပွားခဲ့သည့် ရေနံချောင်းမြို့နယ်၊ မာန်မြေ ကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာသားများနှင့် ကျမ်းကိုင်းကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာသားများ မြေနုကျွန်းကိစ္စနှင့်ပတ်သက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ဖရဲကျွန်းကျေးရွာသူ/ ရွာသားအချို့မှာ အခင်းဖြစ်နေရာတွင် ကျန်ရှိခဲ့ရာ အချို့ရွာသားများနှင့် ၎င်းတို့ စီးနင်းလိုက်ပါလာသည့် မော်တော်ပေါ်သို့ တက်ပြေးခဲ့ရသောကြောင့် မော်တော်ယာဉ်မှာ ဟန်ချက်မညီဘဲ တိမ်းမှောက်သွားခဲ့ကြောင်း တိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်ခဲ့ပြီး ဖရဲကျွန်းကျေးရွာ ပြန်လည်ရောက်ရှိလာသော လူဦးရေ စစ်ဆေးရာ ၄၀ ဦးမှာ ရွာသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ ဇူလိုင် ၂၅ ရက်နေ့အထိ စီစစ်စာရင်းများအရ သေဆုံးသူ ၂၄ ဦး အသက်ရှင်သူ နှစ်ဦးနှင့် ပျောက်ဆုံးဆဲ ၁၄ ဦး ရှိကြောင်း သိရသည်။

ကျမ်းကိုင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းလွင်က “ ကျွန်တော်တို့ ကျမ်းကိုင်းကျွန်းအုပ်စုကိုယ်စား ပြောပြရရင် အစိုးရရဲ့အဆုံးဖြတ်ကို နာခံပါမယ်ဆိုတာ တစ်ချိန်တုန်းကလည်း တင်ပြတောင်းဆိုပြီးခဲ့ပါပြီ။ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စစ်ဆေးတာကိုလည်း လက်ခံပါတယ်။ နာခံပါတယ်။ သို့သော်လည်း ဥပဒေနဲ့အညီအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဖရဲကျွန်းတပ်ပိုးကျေးရွာမှ တောင်သူ ဦးထွန်းထွန်းဝင်းက “ ကျွန်တော်တို့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ အိမ်တစ်အိမ် စဆောက်စဉ်ကတည်းက ဒီဟာမျိုး စုံစမ်းစစ်ဆေးစေချင်တာပါ၊ မြို့နယ်ကနေ ခုံဖွဲ့စစ်ဆေးပေးဖို့ ပြောခဲ့တာတောင် မစစ်ဆေးလို့ အခုလို ပြသနာဖြစ်ပွားခဲ့ရတာပါ၊ အခု တိုင်းအဆင့်ကနေ ခုံဖွဲ့စစ်ဆေးမယ် ဆိုရင် အများကြီး ဝမ်းမြောက်ကျေနပ်မိတယ်ဗျ၊ ဒီလို ခုံဖွဲ့စစ်ဆေးလို့ရှိရင် ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲ ဆိုတာ ပေါ်ပေါက်လာမှာပဲဗျ။ ဒီလို စုံစမ်းစစ်ဆေးမယ့်အပေါ်မှာ ကျေနပ်တယ်” ဟု ပြောသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ် အသေးစိတ်အား စုံစမ်းစစ်ဆေးဆောင်ရွက်နိုင်ရန် တိုင်းအစိုးရအလုပ်သမားဝန်ကြီး ဦးမြင့်ဆွေကို အဖွဲ့ခေါင်းဆောင်၊ တိုင်းစီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးအေးကို၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်၊ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဦး၊ တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းကိုကို၊ တိုင်းအလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဌာန တိုင်းဦးစီးမှူး ဦးစန်းမြင့်တို့ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required