မြောက်ဦးဒေသ၊ ရွှေတိဂုံစေတီနှင့် ပြဒါးလင်းဂူတို့ကိုလည်း သမ္မတက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်စေလို

မြောက်ဦးဒေသ၊ ရွှေတိဂုံစေတီနှင့် ပြဒါးလင်းဂူတို့ကိုလည်း သမ္မတက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်စေလို
Photo - EPA

(နေပြည်တော်(ဇူလိုင် ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးရှေးဟောင်းဒေသ အပါအဝင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံရှိ ပြဒါးလင်းဂူတို့ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် ကြိုစားကြရန် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

“အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ မြောက်ဦး ရှေးဟောင်းဒေသ၊ ရွှေတိဂုံစေတီတော်နဲ့ ပြဒါးလင်ဂူ အစရှိတဲ့ ရှေးဟောင်းနေရာများကိုလည်း မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြပါ” ဟု သမ္မတက ပြောသည်။

ဓာတ်ပုံ - သူရ မဇ္စျိမ

နေပြည်တော်ရှိ MICC-2 တွင် ဇူလိုင်လ ၂၃ရက်က ကျင်းပသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုချီးမြှင့်သည့် ညစာစားပွဲ အခမ်းအနား မိန့်ခွန်းတွင် သမ္မတက ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျွန်မတို့နို်င်ငံရဲ့ ယဉ်ကျေးမှုဒေသတစ်ခုဟာ ကမ္ဘာသူ၊ ကမ္ဘာသားများ အားလုံးအတွက် ထိုက်တန်တဲ့ အမွေအနှစ်ဆိုပြီးတော့ သတ်မှတ်ခံရတာဟာ ဂုဏ်ယူစရာဆိုတာ အထူးပြောစရာ မလိုပါဘူး” ဟု ယင်းအခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်ဒေသများထဲမှ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သည့် ဟန်လင်း၊ ဗဿနိုး၊ သရေခေတ္တရာတို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ခုနှစ်အတွင်းက ပထမဆုံး သတ်မှတ်ခံခဲ့ရသည်။

ပုဂံဒေသကိုလည်း အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တွင် ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ၁၁ ရက် ကြာ ကျင်းပခဲ့သည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)၏  (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင် ၆ရက်က သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သတ်မှတ်ခံရခြင်းကြောင့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံကသာမက ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမို ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ရာ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်တော့မည်ဖြစ်ကြောင်းလည်း သမ္မတဦးဝင်းမြင့်က ပြောဆိုသည်။

လက်ရှိတွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ယူနစ်စကို၊ တရုတ်နှင့် အီတလီနိုင်ငံတို့က နည်းပညာနှင့် ပစ္စည်းအထောက်အပံ့များ ကူညီလျက်ရှိပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်မှုဖြင့် ကြိုးပမ်းနေသည်။

အခြားတစ်ဖက်တွင်လည်း ပြီးခဲ့သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရက္ခိုင့်တပ်(AA)တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြောက်ဦး ရှေးဟောင်းနယ်မြေအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် သမိုင်းဝင် မြေထဲရှေးဟောင်းဘုရားနှင့် ထုက္ကန်သိမ် ဘုရားအနီးရှိ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဂိတ်တဲတစ်ခု ပျက်စီးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required