စက်မှုဇုန် များတွင် CCTV များတပ်ဆင်ပြီး လျှပ်စစ် နှင့် အခြေခံလိုအပ်ချက်များ အဆင့်မြှင့်မည်

စက်မှုဇုန် များတွင် CCTV များတပ်ဆင်ပြီး လျှပ်စစ် နှင့် အခြေခံလိုအပ်ချက်များ အဆင့်မြှင့်မည်

ဇူလိုင် ၂၅ ။       ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခု တွင် CCTV ကင်မရာများ တပ်ဆင်ပြီး  လျှပ်စစ်မီး နှင့် အခြေခံလိုအပ်ချက်များ ကို ပြင်လည် အဆင့်မြှင့်တင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မရှင် အစည်းအဝေး တွင် ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“ စက်မှုဇုန်မှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေ လုံခြုံစိတ်ချ ရတဲ့ နေရာဖြစ်နိုင်ဖို့ ၊ စက်မှုဇုန် တွေ အတွင်း မှာ CCTV ကင်မရာ တွေတပ်ဆင်ပြီးတော့ လုံခြုံရေးပိုင်ဆိုင်ရာ ကိစ္စရပ်တွေ တိုးမြှင့် ဆောင်ရွက်ဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ အခုက ကြီးကြပ်ရေးကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက် တဲ့အတွက် တစ်ဆင့်ခြင်း လုပ်ဆောင်သွားမယ် “ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မီဒီယာများ ကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခု ၏ စီမံခွဲခန့်မှုအပိုင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ လွှဲပြောင်းရယူထားပြီး စက်မှုဇုန်များ၏ အခြေခံလိုအပ်ချက်များ ကို အဆင့်မြှင့်တင် လုပ်ဆောင်ရန်  စက်မှုဇုန် တစ်ခုခြင်းအလိုက် ကြီးကြပ်မှုကော်မတီ များ ဖွဲ့စည်းထားကြောင်းသိရသည်။

“ဒီနေရာမှာ အခြေခံအဆောက်အအုံတွေကောင်းဖို့ ၊ လမ်းတွေကောင်းဖို့ ၊ ရေနှုတ်မြောင်းတွေ ကောင်းဖို့ ရေစီးရေလာ ကောင်းဖို့ ၊ ကျူးကျော်နေထိုင်တဲ့သူတွေ စနစ်တကျ နေရာပြန်လည် ချထာားပေးဖို့ ဒီအစီစဉ်တွေကို လည်း လုပ်ဖို့ ရှိပါတယ် “ ဟု ဝန်ကြီးချုပ်က ပြောသည်။

စက်မှုဇုန်များတွင် လူနေထိုင်မှု ပိုမိုများပြားလာသည့်အတွက်  ပြည်သူလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ဝင်အင်အား နှင့် ပြည်သူလူထုအချိုးမှာ မမျှတ သည့်အခြေအနေများ ဖြစ်ပေါ်နေသည့်အပြင် အဆောင်များကိုလည်း ပြန်လည်သုံးသပ်သွားမည် ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

 “အမှိုက်ပြစ်တဲ့ အစီစဉ်၊ လျှပ်စစ်မီးလုံလုံလောက်လောက် ရဖို့ ပေးနိုင်ဖို့ ရေကောင်း ရေသန့် ရနိုင်ဖို့ ၊ရေဆိုးကို စနစ်တကျ စွန့်ပြစ်ဖို့ ဒီကဏ္ဍတွေကို ကျွန်တော်တို့ ပြန်လည် အဆင့်မြင့်တင်ဖို့ ရှိပါတယ် ။ နည်းပညာပိုင်း ဆိုင်ရာ အကူညီတွေကို ရယူပြီးဆောင်ရွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ရန်ကုန် ဧရိယာ တစ်ခု လုံးကို CCTV ကင်မယာတွေ လွှမ်းခြုံနိုင်ဖို့အတွက်ကြိုးစားနေပါတယ် “ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly