စက်လှေမှောက်ရာမှ ပျောက်ဆုံးနေသူများအနက် သေဆုံးသူ ၅ ဦး နှင့်၂ ဦး အသက်ရှင်လျှက် တွေ့ရှိ

စက်လှေမှောက်ရာမှ ပျောက်ဆုံးနေသူများအနက် သေဆုံးသူ ၅ ဦး နှင့်၂ ဦး အသက်ရှင်လျှက် တွေ့ရှိ
ဓာတ်ပုံ- မကွေးတိုင်းမီးသတ်ဦးစီးဌာန

ရေနံချောင်း၊ ဇူလိုင် ၂၄ ။            ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် စက်လှေတိမ်းမှောက်၍ ပျောက်ဆုံးခဲ့သည့်လူ ၃၆ ဦးအနက် သေဆုံးသူ ၅ ဦးကို တွေ့ရှိရပြီး ၂ ဦးကို ကိုင်းတောများကြား အသက်ရှင်လျက်တွေ့ရှိကြောင်း ရေနံချောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နှင့် အနောက်ဘက် ၇ မိုင်ခန့်အကွာ ဧရာဝတီမြစ်အနီးရှိ မာန်မြေကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာမှ ကျေးရွာသားများနှင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ကံသာကျေးရွာမှ ရွာသားများသည် မြေယာပိုင်ဆိုင်မှု အငြင်းပွား၍ အပြန်အလှန်ခိုက်ရန်ဖြစ်မှု ဇူလိုင်၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

“ဇူလိုင်လ ၂၃ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်ကတည်းက ဖရဲကျွန်းကျေးရွာဘက်က လူ ၁၅၀ လောက် စက်လှေတွေနဲ့ ရောက်လာပြီး ရွာထဲက အိမ် နှစ်အိမ်ကို ဝင်ဖျက်ရင်း ရွာမှာရှိတဲ့လူတွေက မခံမရပ်နိုင်ဖြစ်ပြီး ဝင်ပါလာတော့ ကံသာလေးဘက်က လူအင်အားများပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ခိုက်ရန်ဖြစ်တယ်။ လေးဂွတွေနဲ့ ပစ်တာတွေလည်းရှိမှာပေါ့။ အဲမှာ ရွာဘက်က စက်လှေနဲ့ အခေါက်ခေါက်သယ်ထားတဲ့ လူတစ်ချို့ ဟာ စက်လှေပေါ်တက်ပြေးတဲ့အခါ စက်လှေက ဟန်ချက်ပျက်ပြီး တိမ်းမှောက်ခဲ့တာပါ။ ညက ဆယ်ယူရရှိပြီး အပြင် လူ ၃၉ ဦးလောက် ပျောက်ဆုံးနေခဲ့တာပါ” ဟု ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော့က ဆိုသည်။

အဆိုပါ စက်လှေတိမ်းမှောက်သွားခဲ့ချိန်တွင် စက်လှေပေါ်တွင် လိုက်ပါသူအချို့သည် ရေကူး၍ထွက်ပြေးခဲ့ပြီး သဲသောင်ခုံသို့ ရောက်ရှိချိန်တွင် ကျေးရွာမှလှေငယ်များဖြင့် လာရောက်ကယ်ဆယ်သွားကြောင်း သိရသည်။

ထို့အပြင် ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိနှင့်အဖွဲ့မှ မြစ်ထဲတွင်ရောက်ရှိနေသူ ၄၀ ဦးခန့်အား ဆယ်ယူခဲ့ကြပြီး ဒဏ်ရာရရှိသူများအား ဆေးကုသမှုပြုလုပ်ပေးပြီးနောက် လုံခြုံရေးဖြင့် ရွာသူ/ရွာသား ၆၅ ဦးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကမ်းပါးပြိုလို့ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ကံသာရွာသစ်မြေနေရာက မာန်မြေကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာ အပိုင် နယ်မြေအတွင်း ရောက်ရှိနေတယ်ဆိုပြီး မြေယာအငြင်းပွားမှု ဖြစ်နေကြတယ်။ အခုလို အငြင်းပွားမှု ဖြစ်ပွားနေခဲ့တာ တစ်နှစ်လောက် ကြာမြင့်ခဲ့ပြီ” ဟု ဦးမာန်ကိုဟော့က ဆက်ပြောသည်။

ထိုသို့ စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီခွဲအချိန်အထိ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးကို သေဆုံးလျက်တွေ့ရှိထားပြီး ကိုင်းတောထဲ၌ အမျိုးသား၊ အမျိုးသမီး ၂ ဦးတို့ကို အသက်ရှင်လျက်တွေ့ရှိထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required