သတင်းလွတ်လပ်ခွင့်ချိုးနှိမ်မည့် ဥပဒေကြမ်းကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်ကို တိုက်တွန်း

သတင်းလွတ်လပ်ခွင့်ချိုးနှိမ်မည့် ဥပဒေကြမ်းကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်ကို တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၂၃ ။           ။ သတင်းလွတ်လပ်ခွင့်ချိုးနှိမ်မည့် ဥပဒေကြမ်းကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်ကို လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ(FEM)က တိုက်တွန်းခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းတစ်ခုကို ၂၀၁၉ခုနှစ်၊ ဇွန်လ ကတင်သွင်းခဲ့ခြင်းဖြစ်ပြီး ၄င်းဥပဒေကြမ်းသည် သတင်းအချက်အလက်လွတ်လပ်ခွင့်အပေါ် ချိုးနှိမ်မည့် ဥပဒေ တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြင်ဆင်ပေးရန် FEM က ၄င်း၏ထုတ်ပြန်ချက် တွင် အစိုးရနှင့် လွှတ်တော်ကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“သူကတော့ သတင်းအချက်အလက်လို့မပြောထားဘဲ အစိုးရရဲ့ မှတ်တမ်း၊ မှတ်ရာဆိုပြီးပြောထားတယ်။ ဒါပေမယ့် မှတ်တမ်းမှတ်ရာဆိုတာက သတင်းအချက်အလက်ပဲလေ။ သတင်းအချက်အလက်ကို ပြည်သူက တောင်းခံလာရင်၊ သတင်းထောက်က တောင်းခံလာရင် ပေးမယ်၊ မပေးဘူးပေါ့။ ဆုံးဖြတ်ချက်တစ်ခုလုံးက အစိုးရလက်ထဲမှာ ရှိနေတာပေါ့။ သတင်းအချက်အလက်ကော်မရှင်လိုမျိုး၊ တရားရုံး Process တစ်ခုပါဘူး။

အဲ့အတွက် ဒါက အစိုးရလက်ထဲမှာပဲ ပယ်ဖျက်ပိုင်ခွင့်တွေ အားလုံးရှိနေတယ်။ ဒီအချက် တစ်ချက်ကတော့ ကြီးကြီးမားမားကိုပဲ ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတယ်” ဟု FEM ၏ တာဝန်ရှိသူ ဒေါ်ယဉ်ရတနာသိန်းက ပြောသည်။

၁၉၉၀ ခုနှစ်တွင် ပြဌာန်းခဲ့သော အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကို အစားထိုးရန် ယခုဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း သတင်းအချက်အလက်အခွင့်အရေးကို အစိုးရက ထိန်းချုပ်ထားသည့် ဥပဒေ တစ်ခုဖြစ်နေကြောင်း FEM က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သတင်းအချက်အလက်က အမှန်တော့ အမြင့်ဆုံး၊ အများဆုံးထုတ်ဖော်ချက်ဖြစ်ရမယ်။ ဒါကတော့ Basic ထားရမှာပေါ့။ ဒါပေမယ့် ဒီဥပဒေအရ အမြင့်ဆုံးထုတ်ဖော်ချက်၊ အများဆုံးထုတ်ဖော်ချက် ဆိုတာက ပျောက်နေ တယ်။ ပျောက်နေတာဖြစ်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်တယ်။ ဒါ့ကြောင့် ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူးပေါ့။ အများဆုံးထုတ်ဖော်ချက်ကို ရရှိပိုင်ခွင့်က ပြည်သူလူထုရဲ့ အခွင့်အရေးဖြစ်တယ်”  ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအလျှို့ဝှက်ဆုံးအစိုးရများထဲမှ တစ်နိုင်ငံဖြစ်နေဆဲဖြစ်ပြီး အစိုးရချုပ်ကိုင်ထားသည့် အခြေခံသတင်းအချက်အလက်ကို ရယူရန် ခက်ခဲ့ရာ ယခု တင်သွင်းသော ဥပဒေကြမ်းသည် ထိုအခက်အခဲ များကို ပိုရှည်ကြာစေမည်ဖြစ်ကြောင်း FEM က ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly