မန်းဘခိုင်၏ ဇာတိကျေးရွာတွင် အမှတ်တရအဖြစ် တိုယ်နယ်ဆေးရုံ ဆောက်မည်

မန်းဘခိုင်၏ ဇာတိကျေးရွာတွင် အမှတ်တရအဖြစ် တိုယ်နယ်ဆေးရုံ ဆောက်မည်
ဓာတ်ပုံ-ဆာကူယာ ဦးဌေးအောင်

ရန်ကုန်၊ ဇူလိုင် ၂၂ ။         ။ အာဇာနည်တစ်ဦးဖြစ်သော မန်းဘခိုင်၏ဇာတိ ယုံသလင်းကျေးရွာတွင် တိုက်နယ်အဆင့်ရှိ ဆေးရုံတစ်ရုံ မန်းဘခိုင်အမှတ်တရအနေဖြင့် ဆောက်လုပ်သွားမည်ဟု ယုံသလင်းတိုက်နယ်ဆေးရုံဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမန်းမြင့်ဆိုင်က မဇ္စျိမသို့ ပြောသည်။

 “ အစိုးရက ချပေးတယ်။ ကျွန်တော်တို့ရွာနဲ့ နိဗ္ဗာန်ရွာ သိပ်နီးနေတော့ သူတို့က ပိုက်ဆံမပေးလိုက်ဘူး။ ကိုယ့်ထူကိုယ်ထဆိုပြီး ၀ိုင်းလုပ်ကြတာပါ။ ဆေးရုံကိုတော့ ကိုယ့်ထူကိုယ့်ထ ဆောက်မယ်။ ဆရာဝန်တွေ ကတော့ နိုင်ငံတော်အစိုးရက ပေးပေါ့၊ စက်ပစ္စည်းတွေ၊ ကုတင်တွေ ၊အဆောက်အဦ။ အဲဒါတွေကို မန်းဘခိုင် အမှတ်တရဆိုပြီး ဆောက်မှာပါ” ဟု ဒေါက်တာမန်းမြင့်ဆိုင်က  ပြောသည်။

အဆိုပါ တိုက်နယ်အဆင့်ဆေးရုံကို လာမည့် သြဂုတ်လအတွင်း စတင်ကာ အုတ်မြစ်ချသွားမည်ဖြစ်ပြီး

ဆေးရုံ အဆောက်အဦအတွက် ကျပ်သိန်း ၆၀၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိသည့် ဆေးရုံပိုင်းဆိုင်ရာပစ္စည်းများနှင့် အအောက်အအုံဆောက်လုပ်ရေးအတွက် ပစ္စည်းများကို အလှူခံလျက်ရှိကြောင်း သိရသည်။

 “ လွှဲမှာပေါ့။ ဒါက အစိုးရရဲ့ တိုက်နယ်ဆေးရုံပဲ။ အစိုးရအုပ်ချုပ်မှုအောက်မှာပဲ ကျွန်တော်တို့က မန်းဘခိုင် အောက်မေ့ဖွယ်ဆေးရုံ ဆိုတာပဲ ကျန်းမာရေးဦးစီးဌာနအောက်မှာပဲ ပါ ပါတယ်” ဟု ဒေါက်တာမန်းမြင့်ဆိုင်က ဆိုသည်။

ဟင်္သာတမြို့နယ်တွင် ဟင်္သာတ-ပုသိမ် မီးရထားလမ်းအနီးရှိ ယုံသလင်းကျေးရွာသည် အကြီးဆုံးကျေးရွာ ဖြစ်ပြီး လူဦးရေများပြားစွာ နေထိုင်လျက် ရှိသော်လည်း ယခုအချိန်အထိ တိုက်နယ်ဆေးရုံ မရှိသေးကြောင်း သိရသည်။

မန်းဘခိုင်ဆေးရုံကို ဒေါက်တာမန်းမြင့်ဆိုင်၊ ဆာကူရာဦးဌေးအောင်တို့က ဦးစီးပြီး ကိုယ်ထူကိုယ်ထ အလှူရှင် များဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ကုတင်အလုံး ၄၀ ခန့်ကို အလှူရှင်များက လာရောက်လှူဒါန်းထားပြီး ဆေးရုံတွင် ခွဲစိတ်ဆောင် ၊ အမျိုးသားဆောင်၊ အမျိုးသမီးအဆောင်တို့ ပါဝင်မည် ဟု သိရသည်။

မန်းဘခိုင်သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ အတွင်းဝန်ရုံးနေရာ၌ အစည်းအဝေး ပြုလုပ်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရသူ ဖြစ်သည်။ ယင်းအချိန်က မန်းဘခိုင်သည် စက်မှုလက်မှုနှင့်အလုပ်သမားဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly