နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခန်းဖောက်ထွင်းခံရ

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခန်းဖောက်ထွင်းခံရ

နေပြည်တော်၊ ဇူလိုင်လ ၁၂၊ ။           ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရာ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ(၂)တွင် ဇူလိုင်လ(၁၁)ရက်နေ့ ညပိုင်းကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခန်းဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် အဆိုပါ ကိုယ်စားလှယ်က ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၁၁)ရက်နေ့ ည(၇)နာရီခန့်က  အဆိုပါလွှတ်တော်ကိုယ်စားလှယ် အပြင်သွားချိန်တွင် ၄င်း၏ဇနီးဖြစ်သူက ရေချိုးခန်းဝင်ချိန်အတွင်း အခန်း၏ ဘေးပြတင်း တံခါးဂျက်ကို ဖွင့်ကာ ရွှေထည်ပစ္စည်း အချို့ကို ဝင်ရောက်ခိုးယူသွားခြင်းဖြစ်သည်။

“စိုးရိမ်တယ်ဆိုတာ လုံခြုံရေးလျော့ရဲရင် ပစ္စည်းပျောက်တာထက်ပိုတဲ့ တခြား ဖြစ်လာနိုင်စရာတွေ ဖြစ်လာမှာပိ်ုစိုးရိမ်တယ်။ အမျိုးမျိုးပေါ့။ လုုံခြုံရေးလျော့ရဲနေရင် ကိုယ်စားလှယ်တွေအတွက် အသက် အန္တရာယ်ရောဘာရောညာရောပေါ့။ဒီသဘောပါ။ အဲ့ဒါလေးပဲစိုးရိမ်ပါတယ်”ဟု ၄င်းကပြောသည်။

အဆိုပါ စည်ပင်ဧည့်ရိပ်သာ(၂)တွင် ဝင်ပေါက် (၂)ခုရှိပြီး အမှုဖြစ်ပွားချိန်၌ လုံခြုံရေးဝန်ထမ်း (၆)ဦးသာ ရှိကြောင်း သိရသည်။

“ကိုယ်တွေကတော့ ဒီမှာနေနေတဲ့ဟာကိုဖြစ်မှသိရတယ်။ ဘယ်နှစ်ယောက်ရှိတယ်။လုံလောက်လား၊ မလုံလောက်လားဆိုတာ ကိုယ်တွေကတော့ အခုမှသိရတယ်။ အဲ့ကျမှလုံခြုံတယ်၊ မလုံခြုံဘူးဆိုတဲ့ စိတ်ခံစားချက်ရှိတယ်။ နဂိုတုန်းကတော့ ကိုယ်တွေလုံခြုံတယ်လို့ပဲတွက်ထားတယ်”ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

ထို့အပြင် လွန်ခဲ့သည့် (၃)လခန့်ကလည်း အဆိုပါ အမည်ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသည့် ကိုယ်စားလှယ်၏ အခန်းဘီရိုအတွင်းမှ ငွေကျပ်(၁၀)သိန်း ပျောက်ဆုံးခဲ့ဖူးသည်ဟု ကာယကံရှင်ကပြောသည်။

အဆိုပါ အမှုဖြစ်ပွားခဲ့သော စည်ပင်ဧည့်ရိပ်သာ၏ ဝင်ပေါက်များတွင် တပ်ဆင်ထားသည့် CCTV (၂)လုံးအနက် တစ်လုံးသည် ပျက်စီးနေကြောင်း ထိုကဲ့သို့ ပျောက်ဆုံးခဲ့ရမှုအပေါ် သင်ခန်းစာယူကာ  လုံခြုံရေးနှင့် ပတ်သက် ပြီး လိုအပ်သော အစီအမံများကိုလည်း တာဝန်ရှိသူများဘက်မှ  လုပ်ဆောင်ရန်လိုအပ်ကြောင်း ပုဗ္ဗသီရိ မြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။
 “တကယ်ဆိုရင် အလုပ် မလုပ်ဖူး ဆိုရင် ချက်ချင်းပြုပြင်ရမယ်၊သို့မဟုတ် အသစ်လဲလှယ်တယ်ဆိုတာတွေ လုပ်ရမှာ။ အဲ့တော့ လုုံခြုံရေးဆောင်ရွက်ချက်ကပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လိုအပ်တဲ့ ဆောင်ရွက်ချက်မျိုး ကိုမဟုတ်တော့ တော်တော်ကိုအားနည်းနေတယ်။ ချို့ယွင်းနေတယ် လို့ပဲပြောရ မယ်။”ဟုဦးရည်မွန်က သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ရွှေထည်ပစ္စည်းအချို့ပျောက်ဆုံးခဲ့ရမှုအတွက် ဇဗ္မူသီရိ မြို့မ ရဲစခန်းတွင် (ပ)၁၄၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“အခန်းထဲမှာ ထားတဲ့ အိတ်ထဲကနေပြီးတော့ ရွှေငွေ ပစ္စည်းတွေ ပျောက်သွားတယ်။ အမှတ်(၁)ရဲစခန်းမှာ လာဖွင့်ထားတယ်။ လောလောဆယ် အဲ့တာပဲသိတယ်။ ကျွန်တော်တို့လည်း အခုလောလောဆယ်တော့ စုံစမ်းနေတာပေ့ါနော်” ဇဗ္မူသီရိမြို့နယ်မှူးဖြစ်သော ရဲမှူး လှထွန်းအောင်ကပြောသည်။

အဆိုပါ စည်ပင်ဧည့်ရိပ်သာ(၂)သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိပြီး ၊ အာဏာရပါတီ NLDမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီအသီးသီးမှ ကိုယ်စားလှယ်များ တည်းခို နေထိုင်ကြသည့် နေရာလည်း ဖြစ်သည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required