ရန်ကုန်၊ ဇူလိုင် ၁၂ ။ ။ မြန်မာတစ်နိုင်ငံလုံးတွင် မိုးရွာသွန်းမှုများနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ၂ ပတ်ကျော်အတွင်း ပြောင်းရွှေ့ နေထိုင်ရသူ လူဦးရေ သုံးထောင် ကျော်ရှိ လာပြီဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မဇ္စျိမသို့ ပြောသည်။
“ လူဦးရေက ၃၀၅၀ ကတော့ပြောင်းပြီးသွားပြီ။ စာရင်းက မြေပြင်နဲ့တော့ နည်းနည်းကွာနိုင်ပါတယ်။ မြေပြင်မှာဒီထက်များချင် များနိုင်တာပေါ့” ဟု၎င်းက ဆိုသည်။
အဆိုပါစာရင်းသည် ဇွန်လ ၂၅ မှ ဇူလိုင် ၁၁ ရက်နေ့အထိစာရင်းသာဖြစ်ပြီး နောက်ဆုံးအချက်အလက်များအရ စစ်ကိုင်းတိုင်းဒေသကြီးရှိနေရာ အချို့တွင် ပြောင်းရွှေ့ရသည့် သတင်းများလည်းရရှိထားကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ဇူလိုင် ၁၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် အိမ်ထောင်စု ၆၇၁စု လူဦးရေ ၃၀၅၀ ထိရှိနေပြီး မြစ်ကြီးနားတွင် လူဦးရေ ၁၂၀၀ ဦး ကျော်၊ ဘီးလင်းတွင် လူဦးရေ ၇၅၅ ဦးခန့်ဖြင့် အများဆုံးဖြစ်သည်။
ထို့အတူ ပဲခူးတွင်းနှင့် ကချင်ပြည်နယ်ရှိ နေရာအချို့တွင်လည်း မြစ်ရေကြီးမှုကြောင့် ပြောင်းရွှေ့နေရမှု များလည်း ရှိခဲ့ပြီး စာရင်းမှာ ထပ်မံတိုးလာဖွယ် လည်းရှိ သည်။
မြန်မာနိုင်ငံ၏ မြစ်ရေကြီးမှုများသည် စက်တင်ဘာအထိ စိုးရိမ်အနေအထား ဖြစ်နေသောကြောင့် သတိပြုနေထိုင်ကြရန် မိုးလေဝသပညာရှင် ဦးထွန်းလွင် ကတိုက်တွန်းပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်များကိုစွန့်ခွာခဲ့ရဖူးသည်။