ဇူလိုင် ၃ ။ ။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းမလား၊ မထည့်သွင်းဘူးလားဆိုတာကို အဇာဘိုင်ဂျန်မှာ ပြုလုပ်မယ့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်သွားတော့မှာဖြစ်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ယင်းအစည်းအဝေးကတော့ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပုဂံဒေသနဲ့ လာအိုနိုင်ငံက Plane of Jars လို့ သိကြတဲ့ ရှေးဟောင်းကျောက်အိုးကြီးများရှိရာ လွင်ပြင်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းဖို့ ယင်း အစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
ပုဂံဒေသနဲ့ Plane of Jars နှစ်နေရာစလုံးကို ယူနက်စကို ကမ္ဘာ့့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေးအတွက် နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီအဖွဲ့ (International Council on Monuments and Sites) ထံကနေလည်း ကောင်းမွန်တဲ့အကဲဖြတ်တွက်ချက်မှုတွေ ရရှိထားကြောင်း ယူနက်စကိုက ပြောပါတယ်။
မြန်မာ အစိုးရအနေနဲ့ကတော့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက် ပြည်တွင်း၊ပြည်ပ ကျွမ်းကျင်ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ကြိုးပမ်းနေလျက် ရှိပါတယ်။