အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေး ကွာခြားမှုရှိဟု အမေရိကန်ဒုသံအမတ် ဆို

အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေး ကွာခြားမှုရှိဟု အမေရိကန်ဒုသံအမတ် ဆို
U.S. Embassy Rangoon

ရန်ကုန်၊ ဇူလိုင် ၁ ။            ။ အမျိုးသားရေးနှင့် အစွန်းရောက်အမျိုးသားရေးတို့အကြား တိုင်းပြည်ချစ်စိတ်တူညီပေမယ့် ကွာခြားမှုများ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုသံအမတ် Mr George Sibley က ပြောဆိုလိုက်သည်။

ဇွန် ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ White Rice Restaurant တွင် ပြုလုပ်ခဲ့သည့် Mizzima TV နှင့် VOA မြန်မာပိုင်း ပူးတွဲတင်ဆက်မှု ဧည့်ခံပွဲတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

"အစွန်းရောက်အမျိုးသားရေးဝါဒ နဲ့ (ပုံမှန်) အမျိုးသားရေးဝါဒ ကွာခြားမှုအကြောင်း ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်က တကယ့်ကို အမျိုးသားရေးဝါဒီ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေးအစွန်းရောက်ဝါဒီတော့ လုံးဝ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီ နှစ်ခုကြားက ခြားနားချက်က ဘာဖြစ်မလဲ။ နှစ်မျိုးလုံးကတော့ သူတို့ တိုင်းပြည်ကို ချစ်ကြပါတယ်။ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေက နိုင်ငံကို မချစ်ဘူးလို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံကို တကယ့်ကို ချစ်ကြပါတယ်။ ဒါပေမယ့် သူတို့က မစိစစ် ၊ မချင့်ချိန်ဘဲ ချစ်ကြတာ ဖြစ်ပြီး (ပုံမှန်) အမျိုးသားရေးဝါဒီတွေကတော့ စိစစ်ပြီး ချစ်ကြတာ ဖြစ်ပါတယ်။ အစွန်းရောက်ဝါဒီတွေက သူတို့နိုင်ငံဟာ လက်ရှိအတိုင်း လုံးဝပြီးပြည့်စုံတယ်လို့ ယုံကြည်ကြပါတယ်။ (ပုံမှန်) အမျိုးသားရေးဝါဒီတွေကတော့ သူတို့တိုင်းပြည်ကို တကယ့်ကို ကောင်းမွန်တဲ့ တိုင်းပြည်လို့ ယူဆကြပေမဲ့ ချို့ယွင်းချက်တွေလည်း ရှိနေနိုင်ကြောင်း လက်ခံထားကြပြီး၊ ပိုကောင်းလာအောင် နိုင်ငံသားတွေ အားလုံးပူးပေါင်း လုပ်နိုင်မယ့် အရာတွေလည်း ရှိနေတယ်လို့လည်း လက်ခံထားကြပါတယ်” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။    

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် မျိုးချစ်ဟုဆိုသော အမျိုးဘာသာ၊သာသနာအဖွဲ့များ၏ လူပ်ရှားမှုများ ရှိနေသည်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် မီဒီယာများအနေဖြင့် စီးပွားရေးဆိုင်ရာ ကြပ်တည်းမှုများ ရုန်းကန်ရင်ဆိုင်ရမှုအခြေအနေကိုပါ အမေရိကန်ဒုသံအမတ်က ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အိန္ဒိယကောင်စစ်ဝန် Mr Pradeep Kumar Patel

( Counsellor, Embassy of India, Yangon ) က " အိန္ဒိယနဲ့မြန်မာဟာ ဒီမိုကရေစီအစပြုတာရောနဲ့ အရင်းရင်းနှီးတဲ့ မိတ်ဖက်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်တဲ့အပေါ်မှာ တကယ့်ကို လှိုက်လှိုက်လှဲလှဲနဲ့ လေးစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေအတွက်နဲ့ မြန်မာပြည်ခေါင်းဆောင်မှုအပိုင်းမှာ ပိုကောင်းဖို့ ဆုံးဖြတ်နိုင်ဖို့ပါပဲ" ဟု ယင်းနေ့ ညနေပိုင်းတွင် ပြောသည်။

အဆိုပါနေ့ နံနက်ပိုင်းက ယင်းသတင်းဌာန ၂ ခုမှ ပူးပေါင်းစီစဉ်သော ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ပြုလုပ်ခဲ့သော “ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် မျက်မှောက်ခေတ် ဒီမိုကရေစီရေချိန် မီဒီယာအယ်ဒီတာများ အမြင်ဖလှယ်ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် “ အမျိုးဘာသာ၊သာသနာကြွေးကျော်မှုများ ကြားက သတင်းမီဒီယာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသေးသည်။

သတင်းမီဒီယာတိုးတက်ရေး ရည်ရွယ်ကာ VOA မြန်မာပိုင်း ရုပ်မြင်သံကြားအစီအစဉ်များကို Mizzima TV တွင် နေ့စဉ် နံနက် ၈ နာရီမှ ၈ နာရီ ၁၅ မိနစ်အထိ ၁၅ မိနစ်စာ ရုပ်သံအစီအစဉ်များကို ထုတ်လွှင့်၊ ပြသသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required