မကွေးဆေးရုံတွင် အခမဲ့ သုံးဆောင်နိုင်သည့် အတ္တကင်းသော ကော်ဖီပွဲတော် ပြုလုပ်

မကွေးဆေးရုံတွင် အခမဲ့ သုံးဆောင်နိုင်သည့် အတ္တကင်းသော ကော်ဖီပွဲတော် ပြုလုပ်

မကွေး၊ ဇူလိုင် ၁ ။        ။ မကွေးတိုင်းပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအထွက်လမ်းနံဘေးတွင် မကွေးမြို့ ပရဟိတ အဖွဲ့များ စုစည်း၍ အတ္တကင်းသည့် ကော်ဖီပွဲတော်တစ်ခုကို ဇူလိုင်လ ၁ရက် နေ့လယ် ၁၂နာရီမှ စတင်ကာ ပြုလုပ်နေကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံဝင်းအတွင်းဆန်ပြုတ်ထမင်းဘူးများနှင့်ရေဘူးများနေ့စဉ်လှူဒါန်းပေးနေသည့်ဝိသာခါပရဟိတအဖွဲ့မှဦးဆောင်ပြုလုပ်ပေးနေခြင်းဖြစ်ပြီးမည်သူမဆိုအခမဲ့ဝင်ရောက်သုံးဆောင်နိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့မကွေးပရဟိအဖွဲ့နဲ့ သဒ္ဒါရှင်ပရဟိတအဖွဲ့တို့က ဝိသာခါပရဟိတအဖွဲ့ကို ဝန်းရံထောက်ပံ့ပေးသွားမှာပါ၊။ ရေရှည်လေးလည်း ပါစေချင်တယ်။ ဒီနေ့လှူ နောက်နေ့ရပ်သွားတာမျိုးလည်းမဖြစ်စေချင်ဘူး။ ရည်ရွယ်ချက်က Food Boxလုပ်ချင်တာ။ ဒါပေမယ့် ကော်ဖီပွဲတော်လေးက လတ်တလောအနေနဲ့ ပိုမိုသင့်လျော်တယ်ဆိုတဲ့ အများသဘောနဲ့ ဝိုင်းဝန်းလုပ်ဆောင်ဖြစ်ခဲ့ကြတာပါ။ လမ်း ကြောင်းရည်ရွယ်ချက်ဖြစ်တဲ့ Food

Box ဆီကိုတော့ ရောက်အောင်သွားမှာပါ"ဟု မကွေးပရဟိအဖွဲ့မှ ဦးထွန်းထွန်းက ပြောသည်။

အဆိုပါ ကော်ဖီပွဲတော်ကို နေ့စဉ်ပြုလုပ်လှူဒါန်းပေးမည်ဟု သိရပြီး အအေးဘူး၊မုန့်များကိုပါ ဖြည့်စွက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပရဟိတအဖွဲ့များ၏ ပံ့ပိုးမှူ၊ အလှူရှင်ပေါ်ပေါက်လာမှုအပေါ် မူတည်၍ Air cooler ,Water Cooler များကိုလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အာဟာရဒါနလှူဒါန်းပွဲကို နေ့စဉ်ရေရှည်ပြုလုပ်ရန် ရည်ရွယ်ထားပြီး အများပြည်သူမှ ဝိုင်းဝန်း ပ့ံပိုး ပေးစေလိုကြောင်း မကွေးပရဟိအဖွဲ့မှ ဦးထွန်းထွန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly