မကွေးတွင် ရွှေအတုကို လိမ်လည်ပေါင်နှံမှု ဖြစ်ပွား

မကွေးတွင် ရွှေအတုကို လိမ်လည်ပေါင်နှံမှု ဖြစ်ပွား

မကွေး၊ ဇွန် ၂၉ ။            ။ မကွေးတိုင်းဒေသကြီး၊စလင်းမြို့ရှိ ရွှေဆိုင်အချို့တွင် ရွှေအတုလိမ်လည်ပေါင်နှံမှုဖြစ်ပွားခဲ့ကြောင်း စလင်းမြို့ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။

စလင်းမြို့ရှိရွှေဆိုင်အချို့တွင် ရွှေလက်ကောက်အတု(၂)ကွင်းအား (၁)ကွင်းလျှင် ကျပ် (၅)သိန်း နှုန်းဖြင့် လိမ်လည်ပေါင်နှံမှုဖြစ်ပွားခဲ့သည်ဟု စလင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြငွေက ပြောသည်။

ရွှေအတုပေါင်နှံရာတွင် စလင်းမြို့အနီးတဝိုက်ရှိ ပြွန်သုံးလုံးကျေးရွာအမည်ကို အသုံးပြုကာ ရွှေအချိန်(၁၁)ပဲခန့်ရှိသော ရွှေလက်ကောက်ကို ကျပ်ငွေ(၅)သိန်းဖြင့် ပေါင်နှံမှုများပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

“အပေါင်ခံတဲ့ ရွှေထည်ပစ္စည်းတွေကို ပြန်လည်စစ်ဆေးတဲ့အခါမှာ အတုမှန်းသိတဲ့အတွက် နာရီပိုင်း အတွင်းမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်” ဟု ရွှေအတု ပေါင်နှံ ခံရသည့် တြိရတနာရွှေဆိုင်ပိုင်ရှင် ဦးအေးမင်းထိုက်က ပြောသည်။

စလင်းမြို့ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေတုများ လာရောက်ပေါင်နှံမှု မဖြစ်စေရန် ရွှေ လုပ်ငန်းရှင်များကို အသိပေးထားသော်လည်း လာပေါင်သည့် ရွှေလက်ကောက်များကို (ပန်းထိမ် အခေါ် ) ပိုက်လုံးစက်ဖြတ်ဖြင့် အတုအစစ်ခွဲခြားရန်ခက်ခဲနေပြီး မှတ်ကျောက်တိုက်ရန်လည်း အဆင်မပြေသောကြောင့် အတုအစစ်ခွဲခြားရန် ခက်ခဲကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

“ကျွန်တော့်ဆိုင်မှာ ကျွန်တော်မရှိတုန်း အမျိုးသမီးတစ်ဦးက အပြင်ဘက်က အခြေနေကြည့်နေပြီး ရွှေလာပေါင်တယ်။ ဆိုက်မန်နေဂျာက ဘယ်ကလဲ မေးတော့ ဒီစလင်းနယ်ဘက်က ကျေးရွာ နာမည် ပြောတော့ ရွှေလက်ကောက်ကို သာမန်စစ်ဆေးပြီး ကျပ်(၅)သိန်းနဲ့ အပေါင်ခံလိုက်တယ်။ ကျွန်တော် က ကိုအေးမင်းထိုက် ခံလိုက်ရတဲ့ ရွှေအတုကိစ္စ ရဲစခန်းအမှုဖွင့်ပြီးပြန်အရောက်မှာ မန်နေဂျာက ဖြစ်စဉ်ပြောပြတော့ ရွှေလက်ကောက်ကို သေချာစစ်ဆေးကြည့်တော့ အတုမှန်း သိလိုက်ရတယ်”ဟု ရွှေမေတ္တာ ရွှေဆိုင်မှ ပိုင်ရှင် ဦးမျိုးမင်းအောင်က ပြောသည်။

ထိုကဲ့သို့ ရွှေအတုလိမ်လည်ပေါင်နှံမှုများကို ယခင်ကတည်းကရှိခဲ့ပြီး ယခုအခါ ရွှေအတုလုပ်ငန်းကို အုပ်စုဖွဲ့ကာ နယ်မြို့များ၌ လာရောက်လိမ်လည်နေခြင်း ဖြစ်ကြောင်း ထို့ကြောင့် နောက်လူများ အလိမ် မခံရစေရန်နှင့် အများပြည်သူ သိရှိနိင်ရန်အတွက် အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း ဦးမျိုးမင်းအောင် က ဆိုသည်။

ရွှေအတုပေါင်နှံမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂၉၄) ဗိုလ်မိုးကြိုးလမ်း (၉)ရပ်ကွက် ဒဂုံအရှေ့ပိုင်းတွင် နေထိုင်သော မအေးအေးသန်း (၅၅)နှစ်ဆိုသူအား (ပ)၁၀၁၃/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၄၂၀/၄၆၈ဖြင့် စလင်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly