ဧရာဝတီမြစ် ကမ်းပါးပြိုမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရ

ဧရာဝတီမြစ် ကမ်းပါးပြိုမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရ
ဓါတ်ပုံ - ကိုရဲ(ပွင့်ဖြူ)

မကွေး၊ ဇွန် ၂၉ ။            ။ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စုရှိ သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေး ရွာအုပ်စုရှိ ကျောင်းစုကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စုရှိ မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက်ပိုင်းက ဧရာဝတီမြစ် ကမ်းပါးပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံးကို ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတွင် တည်ရှိသည့် ကျေးရွာများဖြစ်ပြီး ဒေသခံပြည်သူ များအနေဖြင့် ယခုကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

ရွှေ့ပြောင်းအိမ် ၁၆လုံး အတွက် ရွှေ့ပြောင်းစရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် (၁)သိန်း ထောက် ပံ့မည်ဖြစ်ပြီး ဆန်ရိက္ခာလူတစ်ဦးအတွက် (၂၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်များဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။

“ရုံးဖွင့်ရက် တနင်္လာနေ့ကျမှ ဘဏ်ကနေ ပိုက်ဆံ ထုတ်ပြီးသွားရောက်ထောက်ပံ့ပေးသွားမှာပါ”ဟု တိုင်းဦးစီးမှူးဦးမြင့်စိုးကပြောသည်။
ဧရာဝတီမြစ်ကမ်း ပါးပြိုကျလာ၍ မြစ်ကမ်းပါးနှင့် နီးသည့် လူနေအိမ်များကို ဒေသခံကျေးရွာနေ ပြည် သူများနှင့် ကျေးရွာရှိ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းပါဝင်ကူညီမှုဖြင့် ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြောင်းရွှေ့ရသည့် လူနေအိမ် ၁၆ လုံးမှ အိမ်ထောင်စုဝင်များကို နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက် ပေးထားကြောင်း၊ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

၂၀၁၉ခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပွင့်ဖြူ၊ စလင်း၊ မင်းဘူး၊ ရေနံချောင်း၊ ပခုက္ကူ ရေစကြို မြို့နယ်များတွင် ကမ်းပါးပြိုမှုများကြောင့် ရွှေ့ပြောင်းရသည့် အိမ်ထောင်စု (၃၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required