ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်
Photo - EPA

ရန်ကုန် ၊ ဇွန် ၂၉ ။        ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။

ယင်းလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့လည်း ရောက်ရှိလာနိုင်သည်ဟု မိုး/ဇလ ကဆိုသည်။

မြစ်ဝကျွန်းပေါ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ရန်ကုန် ၊ တနင်္သာရီ ၊ ပဲခူး ၊ ဧရာဝတီ ၊ ကရင် ၊ မွန် နှင့် ရခိုင်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးပိုကောင်းနိုင်ပြီး နေရာကွက်၍ မိုးကြီးကာ ကျန်ဒေသများတွင်လည်း မိုးရွာသွန်းနိုင်သည်ဟု သတိပေးထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ် ၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းကြီး နိုင်ကာ မိုးသက်လေပြင်းကျစဉ် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ လေတိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ ၉ ပေ မှ ၁၂ ပေ အထိ ရှိနိုင်ကြောင်း မိုး/ဇလ က သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့်  ဇွန်လ ၂၇ ရက်တွင်လည်း ကချင်ပြည်နယ်အတွင်း၌ နေရာကွက်မိုးကြီးမှုကြောင့် ဆဒုံးနှင့် ဝိုင်းမော်မြို့တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly